
စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေနဲ့ အချက်အလက်တွေကို မီးရှို့ဖျက်ဆီးဖို့ ဖေဖော်ဝါရီ ၄ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ညွှန်ကြားခဲ့တယ်လို့ ဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။
မနေ့က ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မြို့နယ်ထွေအုပ်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ဦးဆောင်ကာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းနဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို မီးရှို့ဖျက်ဆီးရတယ်လို့ NonCDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“၂၀၂၅ ရွေးကောက်ပွဲ ပြီးတာနဲ့ NLD အစိုးရလက်ထက် ဒေတာအချက်အလက်တွေ ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်းရလဒ်တွေကို အကုန် စစ်တပ်က မီးရှို့ဖျက်ဆီးခိုင်းတာ။ မနေ့က ဒဂုံမြို့သစ်ခရိုင်မှာရှိတဲ့ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမှာ တပြိုင်တည်း မီးရှို့ဖျက်ဆီးကြတာ။”
မီးရှို့ဖျက်ဆီးရာမှာ စစ်ကောင်စီက ကော်မတီအဖွဲ့ဝင် ၁၄ ယောက် ဖွဲ့စည်းပေးပြီး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း၊ မဲစာရင်းရလဒ်၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းများနဲ့ NLD အစိုးရလက်ထက် လုပ်ဆောင်ချက်တွေကို မီးရှို့ဖျက်ဆီးရတာလို့ အင်းစိန်ခရိုင်မှ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ထွေအုပ်၊ ရွေးကော်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲ အကုန်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့ NLD အစိုးရလက်ထက်က မှတ်တမ်းတွေကို စစ်တပ်က မရှိစေချင်တာ။ မနေ့က အင်းစိန်နဲ့ လှိုင်သာယာအရှေ့၊ အနောက်မှာလည်း မီးရှို့ဖျက်ဆီးပြီး ပြည်ထဲရေးနဲ့ ကာကွယ်ရေးကို ပြန်တင်ပြရတယ်။”
အခုလိုလုပ်ဆောင်တာဟာ NLD အစိုးရလက်ထက်က လုပ်ဆောင်ချက်တွေကို ဖျောက်ဖျက်ချင်တာ ဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အစဖျောက်ချင်တာလည်း ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ပြောဆိုကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေနဲ့ အချက်အလက်တွေကို မီးရှို့ဖျက်ဆီးဖို့ ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်နဲ့ မြို့ ၂၀ ရှိ ထွေအုပ်ရုံးတွေကို ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကိုတော့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားခဲ့တာလို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီက သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာ ၅ နှစ်သက်တမ်း ပြည့်တဲ့အချိန်မှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ ပြန်လုပ်ပေးခဲ့ပါတယ်။


