
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘောလုံးကွင်းနားက ဆိုင်ခန်း၊ တိုက်ခန်းတွေကို စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည်နယ်အစိုးရက ဖယ်ရှားပေးဖို့အတွက် တတိယအကြိမ် စာထုတ်ပြန်လာတယ်လို့ မြို့ခံတွေက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက်မှာ ဆိုင်ခန်း၊ တိုက်ခန်းတွေ ဖယ်ရှားပေးဖို့အတွက် စာထုတ်ထားပြီး ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံး မဖယ်ရှားရင် ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေအရ အတင်းအကျပ် ဖယ်ရှားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြို့ခံတယောက်က “၆၀ ရာခိုင်နှုန်းလောက် ရွှေ့ဖို့ ကျန်နေသေးတယ်။ ဟိုအရင်က ဆိုင်ခန်းတွေ ရောင်းတုန်းကတော့ မပြောင်းမနေရဆိုပြီး ရောင်းခဲ့တာပါ။ ကန်ထရိုက်တွေနဲ့ပေါင်းပြီး လုပ်စားနေကြတာ” လို့ ပြောပါတယ်။
ဆိုင်ခန်း၊ တိုက်ခန်းနေရာမှာ နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံနဲ့ ရေကူးကန်၊ လူငယ်ရေးရာစင်တာတွေ တည်ဆောက်သွားဖို့ရှိလို့ ပထမအကြိမ် အကြောင်းကြားစာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဆိုင်ခန်းငှားရမ်းခ ရပ်စဲကြောင်း ကြေညာပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ဆိုင်ခန်းဖယ်ရှားဖို့ အကြောင်းကြားစာ ထပ်ပို့တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့နယ်ထဲက တပ်ပိုင်မြေနေရာတွေကို လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်က ဆိုင်ခန်း၊ တိုက်ခန်းတွေ ဆောက်ပြီး ရောင်းချဖို့ ဖိအားပေး ဆောင်ရွက်ခိုင်းခဲ့ပြီးနောက် ခုလက်ရှိမှာတော့ ပြန်လည်ဖယ်ရှားခိုင်းနေတာကြောင့် ဆိုင်ခန်းငှားရမ်းထားသူတွေက မြေနေရာအခက်အခဲတွေ၊ ဆိုင်ခန်းပြန်ငှားဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း တပ်ပိုင်မြေပေါ်က အဆောက်အအုံတွေကို ငှားရမ်းတာတွေ ရပ်နားပြီး အဆောက်အအုံတွေ၊ ဆိုင်ခန်းတွေကို ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးခဲ့ကာ ပြည်သူတွေရဲ့ လုပ်ငန်းတွေကို မြို့ပြင်ဘက်တွေကို မရွှေ့မနေရ ရွှေ့ပြောင်းခိုင်းနေပါတယ်။


