
ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၇ ရက်နေ့က အလင်းဝင်ရောက်လာတယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူက မြိုင်မြို့နယ်ထဲမှာရှိတဲ့ လင်းကတော နယ်မြေရဲစခန်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ အသက် ၁၈ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ် ကိုမျိုးမင်းသန့် ဖြစ်ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်နံပါတ်က ပစ/၁၂၄၁၂၅ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းတပ်သားသစ် ကိုမျိုးမင်းသန့် ဟာ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခုအပြင် ၅.၅၆ ကျည်အတောင့် ၁၀၀ တို့နဲ့အတူ အလင်းဝင်ရောက်ပူးပေါင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဝေ က “သူ့ဇာတိကတော့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ထဲကပါ။ ကျန်ခဲ့တဲ့ ၁ နှစ်လောက်က ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအပတ်စဉ် ၅ ကနေ သင်တန်းဆင်းခဲ့ရသူပါ။ သူက ကျနော်တို့ဆီကို ဖုန်းနဲ့ဆက်သွယ်လာတဲ့အတွက် ၇ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ သူရှိတဲ့နေရာကို သွားရောက်ခေါ်ဆောင်လာခဲ့ရပါတယ်။ ကျနော်တို့ဆီ ပူးပေါင်းအလင်းဝင်တဲ့အချိန်မှာလည်း လက်နက်ခဲယမ်းတွေပါလာလို့ ဂုဏ်ပြုငွေ ၂၅ သိန်း ပေးအပ်ထားပြီး လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။
တော်လှန်ရေးကာလအတွင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီလက်အောက်ခံ အယောက် ၉၀ နီးပါးအထိရှိပြီး အလင်းဝင်ရောက်လာကြသူတွေရဲ့ ဆန္ဒအတိုင်း စီမံဆောင်ရွက်ပေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသူတွေအနေနဲ့လည်း ပြည်သူ့ဘက်ကိုမျက်နှာမူပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆီကို အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းထားတယ်လို့လည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။


