
အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ဗျူဟာစခန်းကို စစ်ကူထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေက တပ်ဖွဲ့ဝင်တွေ ထပ်မံပြီး AA ထံ အလင်းဝင်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒေသခံ စစ်ရေးနီးစပ်သူက “မနေ့ညကတော့ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၃ ယောက် AA ထံ အလင်းဝင်တယ်လို့ သိရပါတယ်။ တချို့ကလည်း လက်နက်ခဲယမ်းထားပြီး လွတ်ရာကို ထွက်ပြေးနေလို့ တော်လှန်ရေးတပ်တွေဆီမှာ ဖမ်းဆီးခံရတာတွေ ရှိတယ်” လို့ ပြောပါတယ်။
နတ်ရေကန်တောင်ကို စစ်ကောင်စီစစ်ကြောင်းက လမ်းဟောင်း လမ်းသစ် နှစ်ဖက်လုံး ထိုးစစ်ဆင်နေပြီး AA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ကြားက ဖေဖော်ဝါရီ ၄ ရက် ညနေဘက်မှာ ပဇီရွာဘက်က စစ်ကောင်စီ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ယောက် ထွက်ပြေးလာပြီး AA ထံ အလင်းဝင်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။
အလားတူ တချို့ ပြည်သူ့စစ်သင်တန်းဆင်းတွေလည်း လက်နက်ခဲယမ်းတွေကို ထားခဲ့ပြီး ကိုယ်လွတ် ထွက်ပြေးနေတာကြောင့် ရိုးတောင်ပေါ်မှာ တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတာတွေ ရှိနေတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“တချို့ဆို လူသစ်လည်းဖြစ်တယ်၊ နေရာလည်းမသိ၊ ရိုးထက်မှာ မျက်စိလည် လမ်းမှားပြီး တော်လှန်ရေးတပ်တွေ စစ်ကြောင်းက ဖမ်းဆီးရမိတာတွေ ရှိတယ်။”
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ ၂၀၂၅ ခုနှစ် အစောပိုင်းကာလက ရခိုင်ပြည်ကနေ ရန်ကုန်ကို ဆေးကုဖို့သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်သားစုဆောင်းမှုအဖြစ် ဖမ်းဆီးခံလိုက်ရတဲ့ ကိုနိုင်ခန့်ကျော်မှာ မကွေးတိုင်း အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်ခံရပြီးနောက် ဇန်နဝါရီ ၂၄ ရက်မှာ အာရက္ခတပ်တော် (AA) ထံ ဘက်ပြောင်း အလင်းဝင်ရောက်လာတယ်လို့ AA ဘက်က မနေ့က ထုတ်ပြန်ပါတယ်။


