
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း ကဘွတ်ရွာနဲ့ ရုံးပင်ရွာကြားကို ဖေဖော်ဝါရီ ၃ ရက် မနက် ၁၀ နာရီမှာ တကြိမ်၊ ၁၂ နာရီမှာ တကြိမ်နဲ့ ညနေ ၅ နာရီကျော်မှာ တကြိမ် စုစုပေါင်း ၃ ကြိမ် ဒရုန်းယာဉ်တွေနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ဒရုန်းယာဉ်တွေနဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းကနေ တိုက်ခိုက်တာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ကဘွတ်ရွာနဲ့ ရုံးပင်ရွာကြားက ခရိုင်ချင်းဆက် အမှတ် ၃ ကားလမ်းပေါ်က ခရီးသွားကားတွေကို ဒရုန်းယာဉ်တွေနဲ့ ဗုံးလိုက်ကြဲနေတာ။ အသေးစိတ် ပြောပြရရင် မနက်ခင်း ၁၀ နာရီခွဲခန့်က ဒရုန်းယာဉ် ၂ စီးနဲ့ တကြိမ် လာကြဲချတယ်။ အဲဒီအကြိမ်မှာ ဘီယာတွေတင်လာတဲ့ ၁၂ ဘီးကားပေါ် တည့်တည့်ကျတယ်ဗျ။ ကားပိုင်ရှင် သားအဖ ၂ ဦး ဒဏ်ရာပြင်းထန်ရတယ်ဗျ။ အဲဒီ ၁၂ ဘီးကားလည်း မီးလောင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မွန်းလွဲ ၁၂ နာရီမှာလည်း ဒရုန်းယာဉ်တစီးနဲ့ ထပ်တက်လာပြီး ဗုံးသီး ၂ လုံး ကြဲချတာကြောင့် ပြည်သူတယောက် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ကာ ညနေ ၅ နာရီကျော်မှာ တကြိမ် ဗုံးသီး ၂ လုံး ထပ်မံကြဲချကာ အထိအခိုက် မရှိခဲ့ဘူးလို့လည်း အဆိုပါရွာသားက ထပ်မံ ပြောဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ ခင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းနဲ့ ဧရာဝတီမြစ်ကမ်းဘေး ခရိုင်ချင်းဆက် ဗျူဟာလမ်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ခင်ဦးအရှေ့ခြမ်းတိုက်နယ်ပကဖ အဖွဲ့ဝင်တယောက်က “ဒီလမ်းကလည်း ကျနော်တို့ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ် ဆားတောင်ဘက်ကနေ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ခရိုင်ချင်းဆက် ဗျူဟာလမ်းပဲဗျ။ သူတို့က အခု ဒီလမ်းပိုင်းနဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကို ပြန်လိုချင်နေတာ။ သူတို့ မြေပြင်ကနေ စစ်ကြောင်းထိုးမလာရဲဘဲ လေကြောင်းကနေပဲ တိုက်ခိုက်နေတာ။ အခု ဗုံးသီးကြဲချတဲ့ နေရာဆိုရင် အကြိမ်ကြိမ် လေကြောင်းကနေ ဗုံးကြဲနေတာပဲ။ ပြီးခဲ့တဲ့လတွေ တုန်းကလည်း အခုလို ဗုံးကြဲချလို့ ဆီဘောက်ဆာကား ၂ စီးနဲ့ ၁၂ ဘီးကား ၆ စီး မီးလောင်တာတွေလည်း ရှိခဲ့တယ်။ ခရီးသွားကားတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာပါ” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကလည်း ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်မှာရှိတဲ့ မြေနီသျှိုလမ်းဆုံကို လေကြောင်းတိုက်ခိုက်လို့ ခရီးသွားပြည်သူတွေ သေဆုံးခဲ့ရသလို ဆီဘောက်ဆာကားတွေ အပါအဝင် ခရီးသွားကားတွေလည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။


