
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ မြောက်ဆည်ရွာနဲ့ နဂါးဗွက်ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီ ၄၀ မိနစ်နဲ့ ည ၁၀ နာရီမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး တယောက် ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ် We Love Myaing သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “လေယာဉ်နဲ့ ရောက်လာပြီး အကြောင်းမဲ့ ကြဲချသွားတာဗျ။ ဗုံးသီးက တလုံးကြဲချတယ်။ နောက်ပြီး ရော့ကတ် ၂ လုံးနဲ့လည်း ပစ်သလို စက်လတ်နဲ့လည်း ပစ်ခတ်သွားတယ်။ ရွာခံ အမျိုးသမီးတဦး ကတော့ ကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့သေးတယ်။ နွားတကောင်သေဆုံးပြီး ၂ ကောင် ဒဏ်ရာရရှိခဲ့တယ်။ လူနေအိမ် ၂ လုံးလည်း ပျက်စီးတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါလေယာဉ်တွေဟာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် အမျိုးအစားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြိုင်နယ်အတွင်း နေ့စဉ်နဲ့အမျှ အကြိမ်ရေးတိုးပြီး လုပ်ဆောင်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက ပြောပါတယ်။
မြိုင်နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတယောက်က “စစ်တပ်က သူတို့ မြေပြင် စစ်ကြောင်းထိုးမရတဲ့ မြိုင်မြို့နယ် မြောက်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်းတို့ကို လေကြောင်းက အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ အခု ညပိုင်း ၁၀ နာရီမှာလည်း တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီး နဂါးဗွက်ရွာကို ထပ်ပြီး ဗုံးကြဲချသွားပြန်ပြီ။ အထိခိုက် အသေဆုံးကတော့ ဘာမှမသိရသေးဘူး။ အခုလို လေကြောင်းကနေ တိုက်ခိုက်နေ တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားနေကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာလည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရ ပါတယ်။


