
ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းကို ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား ၂၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းထဲကို ရောက်ရှိလာတဲ့ ရခိုင်တိုင်းရင်းသားတွေထဲက အမျိုးသား ၂၂ အယောက်နဲ့ အမျိုးသမီး ၅ ယောက်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အတွင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “AA နဲ့ အဆက်အသွယ်ရှိတယ်၊ AA ကြားခံသတင်းပေး လုပ်နေသူတွေဆိုပြီး ဖမ်းဆီးခဲ့တာ။ အဖမ်းခံရသူတွေက စစ်ရှောင် အရပ်သား ရခိုင်တိုင်းရင်းသားတွေလို့ သိရပါတယ်” လို့ ပြောပါတယ်။
အဖမ်းခံခဲ့ရတဲ့သူတွေထဲမှာ ငရုတ်ကောင်းမြို့က ၄ ယောက်၊ ငပုတောမြို့နယ်က ၃ ယောက်၊ ဟိုင်းကြီးကျွန်းမြို့က ၆ ယောက်၊ ရွှေသောင်ယံမြို့က ၄ ယောက်၊ ငါးသိုင်းချောင်းမြို့က ၃ ယောက်၊ ရေကြည်မြို့နယ်က ၃ ယောက်၊ လေးမျက်နှာမြို့နယ်က ၄ ယောက် စသဖြင့် ပါဝင်ပြီး ရဲစခန်းတွေမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “အမျိုးသမီး ၅ ယောက်လောက် ပါတယ်။ အားလုံးက စစ်ဘေးရှောင်တွေပါ။ ဒီဘက်က မိသားစုတွေဆီ စစ်ရှောင်ဆီမှာ လာနေတာ။ လတ်တလော စစ်ရှောင်လာသူတွေ မဟုတ်ဘူး။ ရောက်နေတာဖြင့် ကြာပါပြီ။ အုပ်ချုပ်ရေးမှူးတွေက သတင်းအမှားတွေပေးလို့ အဖမ်းခံရတာ” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် သြဂုတ်လကလည်း လေးမျက်နှာမြို့မှာ ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင် တိုင်းရင်းသား ၉ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးပါဘူး။


