Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်ကောင်စီက အရပ်သား ၂၄ ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် စွပ်စွဲဖမ်းဆီး
DVB
·
January 27, 2026
Photo: MOI

ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်တဲ့သူတွေလို့ စွပ်စွဲပြီး အရပ်သား ၂၄ ယောက်အထိ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိ ရပါတယ်။

၂၀၂၅ ခု စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအကြိုကာလ အောက်တိုဘာကနေ ၂၀၂၆ ခု ဇန်နဝါရီ ၂၅ ရက် အပိုင်း ၃ ရွေးကောက်ပွဲ ပြုလုပ်ပြီးဆုံးသွားတဲ့အချိန်အထိ ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အရပ်သား ၂၄ ယောက်ကို ရွေးကောက်ပွဲပျက်ပြားအောင်လုပ်မှုနဲ့ စွပ်စွဲဖမ်း ဆီးထားတယ်လို့ သိရပါတယ်။

တိုင်းစစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရွေးကောက်ပွဲ ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့သူတွေချည်းပဲ။ သက်ဆိုင်ရာနယ်မြေဒေသတွေက ရဲစခန်းတွေမှာ စစ်ဆေးတာ၊ အမှုဖွင့်တာတွေကို လုပ်တာဖြစ်တယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ မအူပင်၊ ကန်ကြီးထောင့်၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ဖျာပုံ၊ ရေကြည်၊ ပုသိမ်၊ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ ကျုံပျော်၊ ကျောင်းကုန်း စတဲ့မြို့နယ်တွေက အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

အဖမ်းခံရတဲ့ မိသားစုဝင်တယောက်က “ဘယ်လိုခြေရာခံ ဖမ်းတာလည်းတော့မသိဘူး။ ဖုန်းတွေကို သိမ်းဆည်းပြီး ဖမ်းခဲ့တာ။ ဖမ်းပြီးနောက် ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ ဆိုတာနဲ့အမှုဖွင့်တာ။ ဟင်္သာတမြို့ပေါ်က ဒေါ်မြသီတာ ဆို သူများတင်ထားတဲ့ ဖေ့ဘွတ်ခ်ပေါ်က ပို့စ်ကို မျှဝေလိုက် တာလေးနဲ့ အဖမ်းခံထိတာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေနဲ့ အဖမ်းခံရတဲ့ အရပ်သား ၂၄ ယောက်ဟာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာ ကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃-(က) နဲ့ သက်ဆိုင်ရာနယ်မြေစခန်းတွေမှာ အသီးသီးအမှုဖွင့် အရေးယူခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ အရပ်သားတွေကို စစ်ကောင်စီက အမှုဖွင့်ထားတဲ့ ဥပဒေပုဒ်မတွေဟာ အထွထွေရွေးကောက်ပွဲလုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစိတ်တဒေသကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသားဖြန့်ချိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်ရနိုင်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013