
အရာအားလုံးအတွက် လျော်ကြေးငွေ မရဘူးဆိုရင် အမေရိကန်နဲ့ ကနေဒါကို ဆက်သွယ်ထားတဲ့ အန်ထယ်ရီယိုတံတား ဖွင့်ခွင့်မပေးဘူးလို့ ကနေဒါကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။
ဂေါ်ဒီဟောင်းတံတားဟာ အမေရိကန် မစ်ချီဂန်ပြည်နယ်နဲ့ အန်တာရီယိုဒေသတို့ကို ဆက်သွယ်ထားတဲ့ နိုင်ငံတကာတံတား ဖြစ်ပါတယ်။
အမေရိကန်ဟာ လုံလောက်တဲ့ လေးစားမှုနဲ့ တရားမျှတမှုမရှိရင် ဒီတံတားကို ဖွင့်ခွင့်မပေးဘူးလို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
တံတားရဲ့ ပရောဂျက်ဝက်ဘ်ဆိုက်မှာ တံတားဆောက်တဲ့ ကုန်ကျစရိတ်ကို ကနေဒါက ကျခံထားပြီး ကနေဒါနဲ့ မစ်ချီဂန်တို့က ပိုင်ဆိုင်မယ်လို့ ဖော်ပြထားပါတယ်။
ဒီတံတားကို ဘယ်အချိန်အထိ ဖွင့်ခွင့်မပေးဘူးဆိုတာ ထရမ့်ပ်က ရှင်းရှင်းလင်းလင်း မပြောထားပေမဲ့ ဆွေးနွေးမှုတွေ ချက်ချင်းလုပ်ဖို့တော့ ပြောထားပါတယ်။
ဒက်ထရိုက်မြစ်ပေါ်မှာ ထိုးထားတဲ့ တံတားဟာ ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ် အစောပိုင်းမှာ စမ်းသပ်မှုနဲ့ အတည်ပြုချက်တွေ ပြီးရင် ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။
တံတားတည်ဆောက်မှုကုန်ကျငွေ ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ ရှိတယ်လို့ ကနေဒါရုပ်သံက ဖော်ပြပါတယ်။
အမေရိကန်ဟာ ဒီတံတားရဲ့ တဝက်တော့ ပိုင်ဆိုင်သင့်တယ်လို့ ထရမ့်ပ်က ပြောထားပြီး ကနေဒါဟာ သူတို့ပိုင်နက်ရော အမေရိကန်ဘက်မှာရှိတဲ့ တံတားအခြမ်းကိုပါ ပိုင်တယ်လို့ ထရမ့်ပ်က စွပ်စွဲထားပါတယ်။ တံတားတည်ဆောက်တဲ့အဖွဲ့ကလည်း ကနေဒါအစိုးရပိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
“ကနေဒါအစိုးရဟာ အမေရိကန်သမ္မတဖြစ်တဲ့ ကျနော့်ဆီကနေ အမေရိကန်ဆီက အကျိုးအမြတ်တွေ ရယူဖို့ ခွင့်ပြုမယ်လို့ မျှော်လင့်နေပါတယ်။ သူတို့ကို ကျနော်တို့ ပေးထားတဲ့ အရာအားလုံးအတွက် ပြည့်ဝတဲ့လျော်ကြေး မရမချင်း ဒီတံတားကို ဖွင့်ခွင့်ပေးမှာမဟုတ်ပါဘူး” လို့ ထရမ့်ပ်က ရေးသားထားပါတယ်။
ဒါ့အပြင် ထရမ့်ပ်က ကနေဒါနိုင်ငံဟာ အမေရိကန် နို့ထွက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အခွန်ကောက်ခံခဲ့တာက လက်မခံနိုင်စရာလို့လည်း ထောက်ပြခဲ့ပါသေးတယ်။
ဒါ့အပြင် တရုတ်နဲ့ ကနေဒါတို့ ပြီးခဲ့တဲ့လက ကုန်သွယ်မှုစာချုပ် ချုပ်ဆိုခဲ့တာနဲ့ ပတ်သက်ပြီးလည်း “တရုတ်က ကနေဒါကို အရှင်လတ်လတ် ဝါးမြိုလိမ့်မယ်” လို့ ပြောပါတယ်။
Source: Reuters


