
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၁ လက်အောက်ရှိ အမှတ် ၁၁၀၉ တပ်ရင်းက ရဲဘော်တယောက် ဒေါငံခါးတိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဖေဖော်ဝါရီလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရဲဘော်နေခြည် ဟာ ဒေါငံခါးတိုက်ပွဲမှာ ဇန်နဝါရီ ၂၉ ရက်က စစ်ကောင်စီတပ်ကို တော်လှန်ရင်း ထိခိုက်မိပြီး ၃၁ ရက်မှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။
တပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲဝင်ရင်းနဲ့ ဒဏ်ရာရပြီးတော့ နောက်ရက်၊ တရက်နေတော့ ကျသွားတာ၊ ဆေးကုသနေရင်းနဲ့ပေါ့။ လက်နက်ကြီးအစက ခန္ဓာကိုယ်ထဲ ပတ်မွှေကုန်တာ၊ ၃၁ ရက်နေ့ မနက် ၅ နာရီမှာ ကျသွားတာပါ။ အငယ်ဆုံးလေး” လို့ ပြောပါတယ်။
ရဲဘော်နေခြည်ဟာ တပ်ရင်းကပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်တဲ့အပြင် တိုင်းပြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးအတွက် အသက်ကို ပေးလှူခဲ့မှုအပေါ် ပြည်သူ့အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်နယ် ရှေ့တန်းတွေမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေ ရှိနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။


