
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ရွာဘက်ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က မနေ့ကစပြီး စစ်ကြောင်းထိုးလာတာကြောင့် ဇန်နဝါရီ ၂၀ ရက် ဒီနေ့အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောပါတယ်။
ဝိုင်းမော်မှာ တိုက်ပွဲ ပြင်းထန်နေသလို ဗန်းမော်မြို့မှာလည်း နှစ်ဖက် လက်နက်ကြီး၊ ဒရုန်းနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
“မနေ့ကစပြီး ဝိုင်းမော်ဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ခုခံတိုက်ပွဲတွေ ရှိတယ်။ စခန်းသိမ်းတယ်ဆိုတာမျိုးတော့ မကြားမိဘူး။ စခန်းသိမ်းနိုင်လောက်တဲ့ တိုက်ပွဲ မဟုတ်ဘူးထင်တယ်။ ဗန်းမော်ဘက်မှာလည်း သုံးမိုင်း၊ လေးမိုင် ပတ်ဝန်းကျင်ဘက်မှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်တာတွေ ရှိတယ်။ မြေပြင်မှာ ထိတွေ့တိုက်ပွဲက ဒီအပတ်အတွင်း မရှိဘူး။ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေတော့ ရှိပါတယ်။"
လမြန်ဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA, PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်နေချိန်မှာ မြစ်ကြီးနားမြို့ပေါ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ပြောပါတယ်။
ကချင်မှာ KIA လက်ထဲ စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ မြေရှားသတ္တု၊ ကျောက်စိမ်း၊ ရွှေနဲ့ ပရင်း တူးဖော်ရေး လုပ်ငန်းတွေ ရှိတဲ့ နယ်မြေဒေသတွေ အပါဝင် ကုန်သွယ် ဆက်သွယ်ရေးလမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လန့ချီကြာ စစ်ကြောင်းထိုးနေတာပါ။


