
စစ်တပ်အထိုင်စခန်းရှိတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာကို ပြည်သူ့ကာကွယ်ရေးတပ်က ဇန်နဝါရီ ၃၀ ရက် မွန်းတည့် ၁၂ နာရီလောက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းမြစ်တွေနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေဆီက သိရပါတယ်။
ကိုးတောင်ဘို့ရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၈ ရက် မနက် ၅ နာရီက စတင်တိုက်ခိုက်ခဲ့တာလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တပ်အထိုင်ချထားတဲ့ ကိုးတောင်ဘို့ရွာကို ကျနော်တို့ဘက်က အပြီးသတ်သိမ်းနိုင်ခဲ့ပြီဗျ။ ၂ ရက်အတွင်းကို သိမ်းနိုင်ခဲ့တာ။ တိုက်ပွဲစတဲ့ရက်နေ့ကတော့ Y-12၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တယ်။ ၂၉ ရက်နေ့မှာ ကျနော်တို့ဘက်က ရန်သူစခန်းအနီးကို ချဉ်းကပ်နိုင်ခဲ့တယ်။ အဲဒီနေ့မှာလည်း လေကြောင်းကနေပစ်ကူပေးတယ်။ ဒီ ၃၀ ရက်နေ့မှာ ကျနော်တို့ဘက်က ရန်သူစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဗျ။ ညပိုင်း ၁၀ နာရီလောက်မှာ လေကြောင်းက နေဗုံးကြဲချတာတွေ ထပ်မံပြုလုပ်သေးတယ်။”
ကိုးတောင်ဘို့ရွာဟာ စစ်တပ်အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ နယ်မြေခံရဲစခန်းရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်က “လေယာဉ်နဲ့ ဗုံးကြဲတာကို မကဘူး။ ဗန်းမောက်ဘက်ကနေ လက်နက်ကြီးတွေနဲ့ပါပစ်ကူတာ။ အခုကိုယ့်ဘက်က သိမ်းပိုင်နိုင်ခဲ့ပြီ” လို့ ပြောပါတယ်။
ကိုးတောင်ဘို့ရွာဟာ ကန့်ဘလူမြို့နယ်မြောက်ခြမ်း မိုင် ၃၀ လောက် ကွာဝေးတဲ့ ကျေးရွာ တရွာဖြစ်သလို ကောလင်းမြို့နဲ့ ၇ မိုင်ခန့်၊ ဗန်းမောက်မြို့နဲ့ ၁၄ မိုင်ကွာဝေးပါတယ်။
တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးနဲ့ စစ်တပ်ဘက်ကနေ သိမ်းဆည်းရမိတဲ့ ပစ္စည်းစာရင်း အသေးစိတ်ကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး မြို့ကိုသိမ်းနိုင်ခဲ့ပေမဲ့ စစ်တပ်က ကိုးတောင်ဘို့ရွာကနေ ခြေကုပ်ယူပြီး ပြန်လည်တိုက်ခိုက်ခဲ့လို့ ကောလင်းမြို့ကို စစ်တပ်ကို ပြန်ပေးခဲ့ရပါတယ်။


