Home
မြန်မာသတင်း
ကမ္ဘာတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံးအဖြစ် မြန်မာက ၂ နှစ်ဆက်ရပ်တည်
DVB
·
February 26, 2026

မြန်မာနိုင်ငံဟာ ဆီးရီးယား၊ အာဖကန်နစ္စတန်နဲ့ ယူကရိန်းတို့ထက် ကျော်လွန်ပြီး ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် ၂ နှစ်ဆက်တိုက်ရပ်တည်နေခဲ့ကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine and Cluster Munition Monitor)  က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူဦးရေဟာ ၂,၀၂၉ ယောက်နဲ့ ကမ္ဘာနိုင်ငံတွေထဲ အများဆုံးဖြစ်ပြီး ဒုတိယမှာတော့ ဆီးရီးယားနိုင်ငံက ၁,၀၁၅ ယောက်၊ တတိယအနေနဲ့က အာဖကန်နစ္စတန်နိုင်ငံက ၆၂၄ ယောက်တို့ ဖြစ်ပါတယ်။

ဒီထိခိုက်ဒဏ်ရာရသေဆုံးသူဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်က ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ ထိခိုက်ဒဏ်ရာရ သေဆုံးသူဦးရေက ၁,၀၀၃ ယောက်ရှိခဲ့တာပါ။

Mine Free Myanmar ရဲ့ သုသေသီ Dr Yeshua က “မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူဟာ ပြီးခဲ့တဲ့ပြက္ခဒိန်နှစ်ထက် သိသိသာသာပိုများလာတာ တွေ့ရပါတယ်၊ အခုဆို နိုင်ငံအတွင်းက မြို့နယ် ၃ ပုံ ၂ ပုံမှာ မြေမြှုပ်မိုင်း အန္တရာယ်ရှိနေတာပါ။ အရင်နှစ်တွေတုန်းက တနေ့ကို မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူက ၃ ယောက်ပဲရှိခဲ့ရာကနေ ၂၀၂၄ မှာတော့ တနေ့ကို ၅ ဦးနှုန်း ထိခိုက်နေတာပါ” လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလထုတ် အစီရင်ခံစာနဲ့ နှိုင်းယှဉ်ရင် မြေမြှုပ်မိုင်းတွေ့ရှိတဲ့ မြို့နယ်က ၉၀ ကျော်သာ ရှိရာကနေ ၂၀၂၄ ခုနှစ်မှာ မြေမြှုပ်မိုင်းတွေ့ရှိရတဲ့ မြို့နယ်ဟာ ၂၁၁ မြို့နယ်ထိ ဖြစ်လာကြောင့် ၆၄ ရာခိုင်နှုန်းတိုးလာတာပါ။

ဒါ့အပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူတွေက ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက ၄၇ မြို့နယ်မှာသာရှိခဲ့ပေမဲ့  ၂၀၂၄ ခုနှစ်မှာတော့ ၁၅၃ မြို့နယ်ထိ တိုးလာပါတယ်။

၂၀၀၇ ခုနှစ်က ၂၀၂၄ ခုနှစ်အထိ တွေ့ရှိရတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိရတဲ့ အကြောင်းအရင်းတွေက မိုင်းရှိရာဒေသတွေကို ရွှေ့ပြောင်း ခရီးသွားလာတာတွေကြောင့် အများဆုံး ထိခိုက်ရတာဖြစ်ပြီး သစ်တောထွက်ကုန် စုဆောင်းတာ၊ အမဲလိုက်တာ၊ ငါးဖမ်းတာတွေကြောင့်က ဒုတိယထိခိုက်မှု အများဆုံးဖြစ်ရတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။

တခြားသောအကြောင်းအရာတွေဖြစ်တဲ့ တောင်ယာလုပ်ကိုင်တာ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ကိုင်တွယ်တာ၊ မွေးမြူရေးတိရစ္ဆာန်တွေကို ရှာဖွေတာ စောင့်ရှောက်တာနဲ့ ပဋိပက္ခဖြစ်တဲ့နေရာကနေ ထွက်ပြေးတာ ပြန်လာတာ။ မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားတာတွေ အပြင် အတင်းအကျပ်အလုပ်စေခိုင်းတာနဲ့ မြို့ပြအလုပ်သမားတွေ အမှိုက်ကောက်တာ စတဲ့ အကြောင်းပြချက်အသစ်တွေလည်း ဒီတခေါက် အစီရင်ခံစာမှာ ပါဝင်လာပါတယ်။

ယူနီဆက်မြန်မာရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၅ ခုနှစ် ပထမ ၃ လအတွင်းမှာ မြန်မာနိုင်ငံတဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေကြောင့် အရပ်သား ၂၂၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂၀၂၄ ခုနှစ်တနှစ်လုံး စုစုပေါင်း ၁,၀၈၂ ယောက်ရှိခဲ့တာနဲ့ ယှဉ်ရင် ၂၁ ရာခိုင်နှုန်းကို ရောက်ရှိနေပါတယ်။

၂၀၂၅ ခုနှစ် ပထမ ၃ လအတွင်း ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းဖြစ်စဉ်  ၃၁ ခု၊ ထိခိုက်သူ ၅၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဖြစ်ရပ် ၂၉ ခု၊ ထိခိုက်သူ ၄၉ ယောက်နဲ့ ဒုတိယ၊ မကွေးတိုင်းကတော့ ဖြစ်ရပ် ၂၄ ခု၊ ထိခိုက်သူ ၃၅ ယောက်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ထိခိုက်သူတွေထဲ ကလေးသူငယ် ၂၆ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ ယူနီဆက်မြန်မာရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013