
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်နဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီးနောက် အာဆီယံအဖွဲ့ထဲမှာ အာဏာသိမ်းစစ်တပ် အပြည့်အဝ ပြန်လည်ပါဝင်နိုင်ဖို့ ထိုင်းနိုင်ငံက မျှော်လင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအနေနဲ့ ရွေးကောက်ပွဲအပြီး ဧပြီမှာ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်မယ်လို့ ပြောဆိုခဲ့ကြောင်းနဲ့ အစိုးရအသစ်အနေနဲ့ နိုင်ငံတည်ငြိမ်ရေးကို အဓိက ဦးစားပေးအဖြစ် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
ဒါ့အပြင် မြန်မာကို အာဆီယံအဖွဲ့အတွင်း အပြည့်အဝ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်က ပြောပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံမိသားစုရဲ့ အစိတ်အပိုင်းတခုအဖြစ် ဆက်ရှိနေစေချင်တဲ့ အတွက် မြန်မာနိုင်ငံဘက်က ကျနော်တို့နဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာတာကို မြင်တွေ့လိုပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အပေါ် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လှမ်းရပါလိမ့်မယ်။ ဒီတော့ သူတို့ ဘာတွေလုပ်ဆောင်သင့်လဲဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ နယ်ပယ် ချဲ့ထွင်ပေးရပါမယ်၊ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို လက်ခံဆောင်ရွက်ရမယ်၊ အကြမ်းဖက်မှုတွေကို လျှော့ချရမယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရပါမယ်။ ဒါတွေဟာ အာဆီယံနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံနိုင်ဖို့ အထောက်အကူပြုမဲ့ အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ကြားခံတံတားတခု အဖြစ် အာဆီယံနဲ့ ပြန်လည်ထိတွေ့နိုင်ဖို့ ကူညီပေးလိုပါတယ်။”
ဒီတွေ့ဆုံမှုဟာ မကြာသေးမီက စစ်ကောင်စီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ၂ နိုင်ငံဆက်ဆံရေး အလားအလာနဲ့ ဖယ်ကြဉ်ခံထားရတဲ့ မြန်မာစစ်အုပ်စုကို အာဆီယံ အဖွဲ့ထဲ ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီဘက်က ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီးတော့ အစိုးရတရပ် ပေါ်လာတော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်မှုကိစ္စရပ်နဲ့ အာဆီယံမှာ မြန်မာက အစည်းအဝေးတွေ တက်ရောက်ခွင့်မရှိတဲ့ ကိစ္စတွေအပေါ် ပြန်လည်စဉ်းစားပေးဖို့ လိုလားနေတာ ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ပြင်ပဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း မြန်မာရဲ့ ဒီလိုလားချက်အပြင် ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ရေးရာ စိုးရိမ်ပူပန်မှုတွေကြောင့် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတချို့ကို လိုလားနေတယ်လို့ သုံးသပ်ပါတယ်။
ဦးအောင်သူငြိမ်းက “ထိုင်းဘက်ကကျတော့ သူတို့မှာ အရေးကြီးဆုံး ပြဿနာလို့ သူတို့ သတ်မှတ်ထားတဲ့ဟာတွေ ရှိတယ်။ အဲဒီမှာ ကမ္ဘောဒီးယားကိစ္စပါတယ်၊ မြန်မာပါတယ်၊ နောက်တခုကကျတော့ သူတို့လက်ရှိ တောင်ပိုင်းကိစ္စပါတယ်ပေါ့နော်။ တဘက်ကလည်း မြန်မာပြည်မှာ တည်ငြိမ်မှု အေးချမ်းမှုကို သူတို့ မြင်ချင်တာပေါ့နော်။ နောက်တခုကကျတော့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးက တော်တော်လည်း ပမာဏကြီးတယ်၊ ဒေါ်လာ ၄ ဘီလီယံလောက် ရှိတယ်။ ဆိုတော့ ဒီအခွင့်အလမ်းကိုလည်း သူတို့ ပြန်စဉ်းစားတာပေါ့နော်။ အဲ့တော့ မြန်မာပြည်မှာလည်း အေးချမ်းမှ၊ တဘက်ကလည်း ကုန်သွယ်ရေးလမ်းကြောင်းပွင့်မှ ဆိုတဲ့ဟာမျိုးပေါ့။ အဲ့တော့ မြန်မာကို အာဆီယံထဲမှာ ပြန်ပါလာဖို့ ကူမယ်ဆိုတဲ့ သဘောရှိပါတယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း ပဋိပက္ခတွေနဲ့ ဖိနှိပ်မှုတွေကြောင့် အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလထဲမှာ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ ပြုလုပ်ခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက နေရာအများစုမှာ အနိုင်ရရှိခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က မြန်မာ့အရေးချဉ်းကပ်မှုမှာ အမြင်ပြောင်းလာခဲ့ကြတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲအဖြစ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချထားသလို အာဆီယံအဖွဲ့ကလည်း ရလဒ်ကို အသိအမှတ်မပြုကြောင်း ကြေညာထားပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းမှာ ဒီလို သံတမန်ရေး လှုပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းအတွက် နိုင်ငံတကာက ကူညီဖို့ ရှိတာကြောင့် ဒါဟာ စဉ်းစားရမဲ့ကိစ္စရပ် ဖြစ်လာတယ်လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
“ကျနော်ကတော့ မြင်တာပေါ့နော်။ မြန်မာပြည်က ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းမှာ သွားမယ်ဆိုရင် နိုင်ငံတကာဘက်ကလည်း သူတို့ ကူဖို့ရှိတယ်။ အဲ့တော့ ဒီဘက်က အင်အားစုတွေကလည်း စဉ်းစားသင့်တယ်ဆိုတဲ့ ကိစ္စမျိုးပေါ့နော်။ ဒါ စကားပြောတာတွေ၊ နောက်တခုကကျတော့ အပစ်အခတ်ရပ်စဲရေး၊ နောက်တခုက ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ လျှော့ချရေးပေါ့၊ ဒီကိစ္စတွေက အရေးကြီးလာမယ် ထင်ပါတယ်။”
ဒီသီးသန့်အစည်းအဝေးမှာ ၂ နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေဖို့ ရင်းရင်းနှီးနှီး၊ ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ၂ နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး စတဲ့ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တရားမဝင် နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ ပူးပေါင်းတိုက်ဖျက်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြတ်သဇင်


