Home
မြန်မာသတင်း
ထိုင်းတွင် CI စာအုပ်ပြုလုပ်ခ ပွဲစားအချို့ ဘတ် ၁၀,၀၀၀ အထိ တောင်းနေ
DVB
·
February 19, 2026

ထိုင်းနိုင်ငံမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် ပြုလုပ်ခ ဘတ် ၂,၆၇၀ သာ ကြေညာထားပေမဲ့ ပွဲစားတွေနဲ့ လုပ်ကိုင်ရင် ဘတ် ၈,၀၀၀ ကနေ ၁၀,၀၀၀ လောက်အထိ ပေးနေရပါတယ်။

ထိုင်းနိုင်ငံမှာ Work Permit ကိုင်ဆောင်ကာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရဖို့ CI ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် စင်တာတွေကို ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ပြုလုပ်ပေးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ပါတယ်။

CI စင်တာတွေကို စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ စတဲ့ မြို့ ၅ မြို့မှာ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

CI လုပ်လိုသူတွေအနေနဲ့ နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ စာအုပ်ဖိုး ၂,၆၇၀ ဘတ်ကို အရင်ပေးသွင်းရမှာ ဖြစ်ပြီး ငွေသွင်းချိန်မှာပဲ မိမိသွားလိုတဲ့ စင်တာနဲ့ ရက်စွဲကို ရွေးချယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

လက်တွေ့မှာတော့ CI စာအုပ် ပြုလုပ်ခက ပွဲစားတွေနဲ့ လုပ်မယ်ဆိုရင် ဘတ် ၆,၅၀၀ ဝန်းကျင်ကနေ ၈,၀၀၀၊ ၁၀,၀၀၀ လောက်အထိ ပေးနေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေးလှုပ်ရှားသူ ကိုရဲမင်းက “ဒီ ၂,၆၇၀ နဲ့ မပြီးဘူး။ CI စင်တာထဲကို CI စာအုပ်လုပ်ဖို့ ဝင်ခွင့်ရဖို့အတွက် Que ကြေး ဘာကြေး ရှိသေးတယ်။ အဲဒီကြေးတွေကို တချို့ ပွဲစားတွေက သင့်တင့်တဲ့ကြေးနဲ့ ယူပြီး လုပ်ပေးတယ်ဆိုပေမဲ့ တချို့ပွဲစားတွေကျတော့ ၈,၀၀၀ တွေ၊ ၁၀,၀၀၀ တွေ တောင်းပြီး CI စာအုပ် တအုပ်ထဲကို ဒါတောင် ဗီဇာမပါဘူး၊ လုပ်နေကြတာ ယူနေကြတာ ရှိတယ်။ ဆိုလိုတာက CI စာအုပ် ကန်ထရိုက်ရထားသူတွေ ဝေစားမျှစား စားကြသေးတာ။ အဲဒီထဲမှာမှ သံရုံးအတွက်က ဘယ်လောက်၊ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးအတွက်က ဘယ်လောက်၊ ညွှန်ချုပ်အတွက်က ဘယ်လောက်၊ အ-လ-ည အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနအတွက်ပေါ့။ ပြီးတော့ အလုပ်သမား သံအမတ်ကြီးအတွက် ဘယ်လောက် အဲဒီလိုမျိုး ဝေခွဲပြီး ယူကြတာ။ အဲဒီအတွက် စရိတ်စကက အလုပ်သမားဆီမှာ လာထောင်းတာ ဒါပဲ” လို့ ပြောပါတယ်။

စစ်တပ် လက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနဘက်ကတော့ CI လျှောက်ခ ၂,၆၇၀ ဘတ်သာ ကျသင့်မယ်လို့ ထုတ်ပြန်ထားပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ် မရှိအောင် သတိပြုကြဖို့ အသိပေးထားပါတယ်။

CI စာအုပ် ပြုလုပ်ခ ၇,၀၀၀ ကနေ ၈,၀၀၀ ဘတ်ထိ ကုန်ကျနေတာဟာ ထိုင်းဘက် Work Permit၊ သွေးစစ်၊ လူမှုဖူလုံရေး စတဲ့ စရိတ်တွေပါ ပေးရတာကြောင့်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ တရားဝင် ပေးဆောင်ရတဲ့ငွေက အဲဒီလောက် မကုန်ကျဘူးလို့ ဆိုပါတယ်။

အခုလို အဆမတန် တောင်းခံတာတွေကို အလုပ်သမားတွေအနေနဲ့ တိုင်ကြားတာ၊ သက်ဆိုင်ရာ အလုပ်သမားရုံးတွေက အရေးယူမှု အားနည်းတာတွေကြောင့် အခုလိုဖြစ်စဉ်တွေ ရှိနေတာလို့ အလုပ်သမားရေး ကူညီပေးသူတွေက ပြောပါတယ်။

AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက “၂,၇၀၀ ဆိုတာက သူတို့ ထုတ်ပြန်ထားတာ နိုင်ငံတော်အခွန်၊ CI စာအုပ် တအုပ်လုပ်ဖို့ပဲ ထုတ်ပြန်ထားတယ်။ စာအုပ်တအုပ်လုပ်ရင် 7-11 မှာ အဲဒီလောက်သွင်းရမယ် ကြေညာတဲ့အတွက် သူတို့သည် မရိုးသားတဲ့အတွက် ထိုင်းအစိုးရဘက်က အလုပ်သမားတွေအပေါ်မှာ အမျိုးမျိုး ကုလားဖန်ထိုးပြီး ဝန်ဆောင်ခတွေကို အမျိုးမျိုး မလိမ့်တပတ် လုပ်နေတာ။ တကယ်တမ်းကျရင် ၇,၀၀၀၊ ၈,၀၀၀ ကုန်နေတာသည် ထိုင်းဘက်က Work Permit၊ သွေးစစ်၊ လူမှုဖူလုံရေး အဲဒါတွေ ထည့်ပေါင်းထားတာ။ အဲဒီပေါင်းတာက တရားဝင် အဲ့လောက်မကျဘူး။ ဒါပေမဲ့ ပွဲစားတွေက အဲ့လောက်တောင်းတယ်။ မြန်မာအစိုးရတောင် လိမ်တယ်၊ ငါတို့လည်း လိမ်မယ်ဆိုတဲ့ အဲဒီအတွေးပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီနှစ်အတွင်း CI စာအုပ် အသစ်လဲလှယ်နဲ့ သက်တမ်းတိုးမဲ့ အလုပ်သမားဦးရေ ၂ သိန်းခွဲကနေ ၃ သိန်းဝန်းကျင် ရှိနိုင်ပြီး စာအုပ်အသစ် လျှောက်ထားမဲ့သူတွေကလည်း သိန်းချီရှိနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းပါတယ်။

CI စာအုပ် ပြုလုပ်ခ ၂,၆၇၀ ဘတ်သာ ဖြစ်ပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ဘတ် ၈,၀၀၀ ကနေ ဘတ် ၁၀,၀၀၀ အထိ ကုန်ကျနေရတဲ့ အခြေအနေဟာ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013