Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုကို အာဆီယံအဖွဲ့ထဲ ပြန်ခေါ်လာနိုင်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မျှော်လင့် 
DVB
·
February 19, 2026
Photo: MOFA

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ၅ နှစ်နီးပါးအကြာမှာ မြန်မာစစ်အုပ်စုကို ထိုင်းနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဆီပြန်ခေါ်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ဟာ စစ်ကောင်စီခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မနေ့က ထိုင်းနိုင်ငံ ဖူးကတ်မြို့မှာ တွေ့အပြီးမှာ ခုလို ပြောလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီတွေ့ဆုံမှုဟာ မကြာသေးမီက စစ်ကောင်စီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ၂ နိုင်ငံဆက်ဆံရေး အလားအလာနဲ့ ဖယ်ကြဉ်ခံထားရတဲ့ မြန်မာစစ်အုပ်စုကို အာဆီယံ အဖွဲ့ထဲသို့ ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အုပ်စုကို အာဆီယံမိသားစုထဲ ပြန်လည်ဝင်ရောက်နိုင်ရေး အတွက် ကြားခံအဆက်အသွယ်အဖြစ် ထိုင်းနိုင်ငံက ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ မြန်မာစစ်အုပ်စုဘက်ကလည်း တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ စတင်တာ၊ အကူအညီလိုအပ်နေသူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုရောက်ရှိခွင့်ပေးတာနဲ့ အရပ်သားတွေကို တိုက်ခိုက်တာတွေ ရှောင်ရှားတာလိုမျိုး တိကျတဲ့ တိုးတက်မှုတွေ ပြသဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး  ဆီဟဆတ်က "ထိုင်းနိုင်ငံက တံတားအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံကို အာဆီယံမိသားစုထဲ ပြန်ဝင်နိုင်အောင် ကူညီပါမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကလည်း အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်ခြင်းအားဖြင့် ကျနော်တို့ကို ကူညီရပါမယ်" လို့ ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ နှစ်နိုင်ငံဟာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ပြန်လည်မြှင့်တင်ဖို့၊ အထူးသဖြင့် အဓိကကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ မဲဆောက်-မြဝတီဂိတ်ကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြပါတယ်။

ဒါ့အပြင် အွန်လိုင်းငွေလိမ်လည်မှုကွန်ရက်တွေနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုတွေကို ပူးပေါင်း တိုက်ဖျက်သွားဖို့လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ၂,၄၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ် အခြေအနေတွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို တိုက်ရိုက်သက်ရောက်မှုရှိတာကြောင့် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက  အလေးပေးပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ Movement Party ခေါင်းဆောင် ခါနာဝီဆူအဘ်ဆန်းကတော့ ဒီလိုတွေ့ဆုံမှုကို ကြိုဆိုပေမဲ့ စစ်ကောင်စီကို အသိအမှတ်ပြုသလိုမျိုး မဖြစ်သွားအောင် ထိုင်းနိုင်ငံအနေနဲ့ ရှောင်ရှားရမယ်လို့ သတိပေးခဲ့ပါတယ်။

သူက မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီအတိုက်အခံဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအဝင် ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့လည်း ထိုင်းအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

သီးသန့်အစည်းအဝေးမှာ ၂ နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရေး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ၂ နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ ကျန်းမာရေးစတဲ့ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုတွေ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် တရားမဝင် နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ ပူးပေါင်းတိုက်ဖျက်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို  အာဏာသိမ်းခဲ့ပြီး တနိုင်ငံလုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ဖိနှိပ်မှုတွေကြောင့် အာဆီယံအဖွဲ့က မြန်မာစစ်ခေါင်းဆောင်တွေကို အဓိကထိပ်သီးအစည်းအဝေးတွေ တက်ခွင့်မပေးဘဲ  ချန်လှပ်ထားခဲ့ပါတယ်။ 

လတ်တလော အဆင့် ၃ ဆင့်နဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီက အနိုင်ရသွားပြီးနောက် ထိုင်းအစိုးရက စစ်အုပ်စုကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ နေရာပြန်ပေးဖို့ စတင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

Source: Reuters/ Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013