
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်မှာ ထိုင်းတပ်တွေက ကမ္ဘောဒီးယားနယ်မြေတွေကို သိမ်းပိုက်နေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က စွပ်စွဲလိုက်ပါတယ်။
အငြင်းပွားနယ်စပ်ကိစ္စမှာ နယ်ခြားမျဉ်းသတ်မှတ်ရေး ပူးတွဲကော်မရှင်ကို လုပ်ငန်းစတင်ခွင့်ပြုပေးဖို့လည်း ထိုင်းကို တောင်းဆိုလိုက်ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဖခင်ဖြစ်သူထံကနေ ရာထူးဆက်ခံခဲ့တဲ့ ဟွန်မာနက်ဟာ ပထမဆုံး နိုင်ငံတကာမီဒီယာ အင်တာဗျူးအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမှုမှာ အခုလို ပြောကြားခဲ့တာပါ။
ဝန်ကြီးချုပ်က အမေရိကန်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို အဓိကဇောင်းပေးပြောခဲ့သလို နိုင်ငံတွင်းမှာ လျင်မြန်စွာ တိုးပွားလာနေတဲ့ ကျားဖြန့် ဆိုက်ဘာငွေလိမ်စင်တာတွေ အရေးကိုလည်း ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ပြောပါတယ်။
သူဟာ ဝါရှင်တန်မှာပြုလုပ်မဲ့ ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အပစ်အခတ်ရပ်စဲထားပေမဲ့ နယ်စပ်အခြေအနေက စိတ်မချရသေးဘူးလို့လည်း ဆိုပါတယ်။
ထိုင်းတပ်တွေဟာ ကမ္ဘောဒီးယားနယ်မြေထဲအထိ ဝင်ရောက်တပ်စွဲထားတာနဲ့ ပတ်သက်ပြီး “ဒါဟာ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို ချိုးဖောက်တာဖြစ်လို့ လက်ခံနိုင်စရာမရှိဘူး” လို့ မှတ်ချက်ချပါတယ်။
ထိုင်းနိုင်ငံဘက်ကတော့ တပ်စွဲထားတာဟာ စစ်ရေးတင်းမာမှု လျှော့ချရေးအတွက်သာဖြစ်ပြီး နယ်မြေသိမ်းပိုက်ထားတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးနဲ့ မိတ်ဆွေအဖြစ် ဆက်ဆံရေး ဆက်လက်ထူထောင်သွားမယ်လို့လည်း ဟွန်မာနက်က ပြောကြားခဲ့ပါတယ်။
Source: Reuters


