
အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်နွှယ်ပတ်သက်ပြီး မြန်မာတယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၃ ယောက် စုစုပေါင်း ၄ ယောက်ကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ Khaosod သတင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်က ဖော်ပြပါတယ်။
သူတို့ဟာ ဘဏ်အကောင့်အငှားဖွင့်ပေးတာ၊ ငွေသားထုတ်ယူတာနဲ့ နယ်စပ်ကို ငွေလွှဲပြောင်းပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒါဟာ ဘတ် ၈ သိန်းထက်မနည်း ဆုံးရှုံးခဲ့ရတဲ့ အွန်လိုင်းလိမ်လည်မှုတခုနဲ့ ဆက်နွှယ်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ စမွတ်ပရာကန်ခရိုင်၊ ဘန်ပူးမိုင်မှာ နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၃ ယောက်ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ဆိုဖွန်၊ ၂၃ နှစ်အရွယ် ဘန်နာရစ်၊ ၃၇ နှစ်အရွယ် ဆိုရန်တို့နဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား တပ်တို့ ဖြစ်ကြပြီး သူတို့ကို ရဲမှူးချုပ် ချာနာနတ်စာရသဝမ်ဖတ်ရဲ့ ညွှန်ကြားချက်နဲ့ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို တပ်ဖွဲ့ခွဲ ၃ က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဖေ့စ်ဘွတ်ခ်ကတဆင့် လက်ကိုင်ဖုန်းဝယ်ယူဖို့ ငွေလွှဲခဲ့ပေမဲ့ ပစ္စည်းမရရှိခဲ့သူတယောက်ရဲ့ တိုင်ကြားချက်ကတဆင့် ဒီစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာလို့ ဆိုပါတယ်။
နောက်ပိုင်း လိမ်လည်သူတယောက်က ထိုင်းအလယ်ပိုင်းစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က အရာရှိအယောင်ဆောင်ကာ ဆုံးရှုံးသွားတဲ့ငွေတွေ ပြန်ရအောင် ကူညီပေးမယ်ဆိုကာ Line အက်ပလီကေးရှင်းကတဆင့် ဆက်သွယ်ခဲ့ပါတယ်။
ဒီနောက် ရှယ်ယာအရောင်းအဝယ် စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံပါက အမြတ်ငွေနဲ့အတူ ဆုံးရှုံးငွေတွေပါ ပြန်ရမယ်ဆိုပြီး စည်းရုံးသိမ်းသွင်းခဲ့တာကြောင့် ငွေတွေ အဆင့်ဆင့် လွှဲပြောင်းပေးခဲ့ရာ စုစုပေါင်း ဆုံးရှုံးမှု ဘတ် ၈ သိန်းကျော်အထိ ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးမှုအရ အဆိုပါငွေတွေကို အငှားဘဏ်အကောင့်တွေဆီ လွှဲပြောင်းခဲ့ပြီး စမွတ်ပရာကန် ဘဏ်တွေမှာ ငွေသားပြန်ထုတ်ယူခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာမှာတော့ ဖုန်းတွေ၊ ATM ကတ်တွေ၊ ဘဏ်စာအုပ်တွေ၊ ပြစ်မှုကျူးလွန်ချိန်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေနဲ့ ငွေသား ဘတ် ၃ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြစ်မှုကျူးလွန်သူတွေရဲ့ ဝန်ခံချက်တွေမှာတော့ ဆိုဖွန်က ဘဏ်အကောင့် အငှားဖွင့်ပေးတာ၊ ငွေထုတ်ပေးတာတွေ ပြုလုပ်ခဲ့ပြီး ထုတ်ယူတဲ့ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဝေစုအဖြစ် ရရှိကြောင်း ဝန်ခံခဲ့တာပါ။
ဘန်နာရစ်ကတော့ ဂိုဏ်းခေါင်းဆောင်တွေနဲ့ ငွေထုတ်သူတွေအကြား ပေါင်းစပ် ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ငွေသားတွေကို သေတ္တာအတွင်းထည့်ကာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဆိုရန်နဲ့ တပ်တို့ကတော့ ဘဏ်အကောင့်အငှားဖွင့်ပေးခဲ့ပြီး တကြိမ် ငွေထုတ်ပေးရင် အခကြေးငွေ ဘတ် ၅၀၀ ရရှိကြောင်း ဝန်ခံခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာ သံသယရှိသူ ၄ ယောက်စလုံးကို ဥပဒေအရ အရေးယူဖို့ လွှဲပြောင်းထားပြီး ရာဇဝတ်ဂိုဏ်းဝင်အဖြစ် ပါဝင်ပတ်သက်မှု၊ လူပုဂ္ဂိုလ်အယောင်ဆောင် ပြည်သူကို လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း အချက်အလက်အမှား ထည့်သွင်းမှု၊ ငွေကြေးခဝါချမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားသလို ရဲတပ်ဖွဲ့အနေနဲ့ ကျန်ရှိနေတဲ့ ရာဇဝတ်ဂိုဏ်းဝင်တွေကို ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
Source: Khaosod


