Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာ ၁ ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံး
DVB
·
February 16, 2026
ခွေးရူးပြန်ကာကွယ်ဆေး။ (Photo: Reuters)

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ လယောင်းခရိုင်ထဲမှာ မြန်မာနိုင်ငံသားတယောက် ခွေးရူးပြန်ရောဂါနဲ့ သေဆုံးခဲ့ပြီး ဒါဟာ အခုနှစ်အတွင်း ထိုင်းမှာ ဒီရောဂါနဲ့ ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း Bangkok Posts သတင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အဆိုပါအမျိုးသားရဲ့ ညာဘက်လက်ကို ခွေးပေါက်လေးတကောင်က ကိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာကို ဆေးကြောသန့်စင်တာလုပ်ဖို့ ဒါမှမဟုတ် ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်ခဲ့တယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်ထီယန် ကာနာဆာဝပ်က ပြောပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၂၃ ရက်မှာတော့ သူဟာ ရေသောက်ပြီးနောက် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်ခဲတာ၊ ခေါင်းမူးတာ စတဲ့ ရောဂါလက္ခဏာတွေကို စတင်ခံစားခဲ့ရပြီး ၂ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

သူ့ကိုကိုက်ခဲ့တဲ့ ခွေးပေါက်လေးကိုတော့ ပြန်ရှာမတွေ့တော့တာကြောင့် သူ့မှာ ရောဂါပိုးရှိမရှိ အခြေအနေကို မသိရှိရဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

DDC ဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်း ချွန်ဘူရီ၊ တာ့ခ်၊ ဆီစကတ်၊ နခွန်ရတ်ချာစီမာ၊ ချာချွန်ဆောင်နဲ့ လယောင်းခရိုင်တွေမှာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသူ ၇ ယောက် ရှိခဲ့ပြီး သေဆုံးသူအားလုံးမှာ တိရစ္ဆာန်အကိုက်ခံရပြီးနောက် ဆေးကုသမှုခံယူဖို့ ပျက်ကွက်ခဲ့သူတွေဖြစ်ကာ ထက်ဝက်ကျော်က အိမ်မွေးတိရစ္ဆာန်တွေကဆင့် ကူးစက်ခံရတာလို့ ဆိုပါတယ်။

ခုလတ်တလော သေဆုံးသူ မြန်မာအမျိုးသားကတော့ အသက် ၃၆ နှစ်အရွယ်လို့ ဖော်ပြထားပြီး သူ့ရဲ့ အမည်၊ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေကတော့ တိရစ္ဆာန်အကိုက်ခံရပါက ဒဏ်ရာကို ဆပ်ပြာနဲ့ ရေနဲ့ ချက်ချင်းဆေးကြောဖို့နဲ့ ဆေးကုသမှုခံယူကြဖို့ တိုက်တွန်းထားသလို ခွေးရူးပြန်ရောဂါဟာ လက္ခဏာတွေ စတင်ပြသလာတာနဲ့ တပြိုင်နက် သေဆုံးဖို့ ရာခိုင်နှုန်းအလွန်များတဲ့ ရောဂါဖြစ်တယ်လို့ သတိပေးထားပါတယ်။

ခွေးရူးပြန်ရောဂါဟာ ရောဂါပိုးရှိတဲ့ နို့တိုက်သတ္တဝါတွေရဲ့ တံတွေးကတဆင့် အကိုက်ခံရတာ၊ အကုတ်ခံရတာ၊ ဒါမှမဟုတ် ဒဏ်ရာဟောင်းတွေအတွင်း ပိုးဝင်တာတွေကြောင့် ကူးစက်တတ်သလို ခွေးနဲ့ ကြောင်တွေက အန္တရာယ်အရှိဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါပိုးပျိုးချိန်ကတော့ ပုံမှန်အားဖြင့် အချိန်သီတင်း ၂ ပတ်ကနေ ၂ လအထိ ကြာမြင့်တတ်ပေမဲ့ တချို့အခြေအနေတွေမှာ အချိန် ၁ နှစ်အထိ ကြာမြင့်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။

ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေ၊ ဒါမှမဟုတ် လမ်းဘေးခွေး/ကြောင်တွေ အကိုက်ခံရတာ၊ အကုတ်ခံရတာမျိုးတွေ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ အမြန်ဆုံး အကြံဉာဏ်တောင်းခံ ကုသမှုခံယူကြဖို့ နှိုးဆော်ထားပါတယ်။

Source: Bangkok Posts

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013