Home
မြန်မာသတင်း
မြန်မာနှင့်ကျူးဘား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
DVB
·
February 13, 2026
Photo: MOFA

စစ်ကောင်စီရဲ့ မြန်မာသံအမတ်ဟာ ကျူးဘား သံအမတ်ကြီးနဲ့ တွေ့ဆုံပြီး အပြန်အလှန် သံအမတ်ကြီးအဆင့် တည်ထောင်ဆက်သွယ်ဖို့ အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ် ဦးဇော်ဇော်စိုးဟာ ထိုင်းနိုင်ငံဆိုင်ရာ ကျူးဘား သံအမတ်ကြီး H.E. Mr. Pedro Pablo SAN JORGE RODRIGUEZ ကို ဘန်ကောက်မြို့က ကျူးဘားသံရုံးမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံရာမှာ မြန်မာ-ကျူးဘားနှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေး ပိုခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် သံအမတ်ကြီးအဆင့် သံတမန်ကိုယ်စားပြုမှုတည်ထောင်ရေးနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မဲ့ အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသံအမတ်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲအကြောင်းနဲ့ လက်ရှိပြည်တွင်းအခြေအနေတွေကို အသိပေးပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ အနောက်နိုင်ငံတွေနဲ့ မတည့်တဲ့ ကျူးဘားနဲ့ သံတမန်ရေးရာ တိုးမြှင့်ဖို့ ကြိုးစားနေတာဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာတုန်းကလည်း အခုသံမတ်နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ဆွေးနွေးခဲ့ကြပါသေးတယ်။

ကျူးဘားနိုင်ငံဟာ တပါတီကပဲ ဦးဆောင်တဲ့နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းကတော့ ကျူးဘားသံအမတ်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံခဲ့ဖူးပါတယ်။

မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဆိုမာလီယာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013