
မြန်မာနိုင်ငံမှာ အကျပ်အတည်းပေါင်းစုံနဲ့ ကြုံနေရကြောင်းနဲ့ မြန်မာကို ကမ္ဘာက မေ့လျော့နေပေမဲ့ ဘုရားသခင်က မေ့လျော့တော်မမူတဲ့အကြောင်း မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက မိန့်ကြားလိုက်တဲ့အကြောင်း Vatican News မှာ ဖေဖော်ဝါရီ ၁၂ ရက်က ဖော်ပြပါတယ်။
အဆိုပါ အကျပ်အတည်းတွေထဲမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ စီးပွားရေး အကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမှု၊ နေရပ်စွန့်ခွာရသူ ၃ သန်းခွဲကျော်နဲ့ လူငယ်တွေ ပြည်ပထွက်ခွာနေရတဲ့ လူမှုရေးအကျပ်အတည်း၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းနဲ့ မျိုးဆက်တခုလုံး ၅ နှစ်နီးပါး ပညာသင်ယူခွင့် ဆုံးရှုံးနေရတဲ့ ပညာရေးအကျပ်အတည်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ဘုန်းတော်ကြီးက စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ မြန်မာနိုင်ငံရဲ့ အခြေအနေကို “ကြောက်ရွံ့မှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ မရေရာမှုတွေ” လွှမ်းမိုးနေတဲ့ နိုင်ငံအဖြစ် ဖော်ပြခဲ့တာပါ။
လူငယ်တွေအပေါ် သက်ရောက်မှုမှာလည်း အထူးသဖြင့် သူတို့ရဲ့ နေ့စဉ်ဘဝဟာ လုံခြုံမှုမရှိတာ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ အနာဂတ်အပေါ် ယုံကြည်မှု ပျောက်ဆုံးမှုတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ စစ်မှုထမ်း စုဆောင်းခံရမဲ့ ခြိမ်းခြောက်မှုတွေကြောင့်လည်း မြန်မာလူငယ်တွေဟာ မိမိတို့ ဘေးကင်းလုံခြုံရေးအတွက် အမြဲတမ်း စိုးရိမ်ကြောက်လန့်နေရသလို ဒါက စိတ်ပူပန်မှုနဲ့ စိတ်ဒဏ်ရာတွေကို တိုးပွားစေတယ်လို့ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက မိန့်ကြားပါတယ်။
ခုလို အနှောင့်အယှက်တွေကြောင့် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပျက်စီး ဆုံးရှုံးနေမှုတွေကိုလည်း ရှုတ်ချ ပြောဆိုလိုက်သလို စစ်တမ်းတွေအရ လူငယ်တွေအကြား ဒေါသထွက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက အာဏာမသိမ်းမီကထက် သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက လူငယ်တွေကို ဒုက္ခသည်တွေအဖြစ်သာ မရှုမြင်ဖို့ သတိပေးခဲ့ပြီး အခက်အခဲတွေကြားက ပညာသစ်တွေ လေ့လာသင်ယူဖို့ ကြိုးစားနေတဲ့ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း ချီးကျူးခဲ့ပါတယ်။
ဒီလို နောက်ခံအခြေအနေတွေကြားက မျှော်လင့်ချက်အပေါ်လည်း သူက ဒါဟာ အပေါ်ယံ အကောင်းမြင်ဝါဒ မဟုတ်ကြောင်းနဲ့ လက်ဝါးကပ်တိုင်မှာ အသေခံပြီး ပြန်လည်ရှင်ပြန် ထမြောက်ခြင်းကနေ ဆင်းသက်လာတဲ့ မျှော်လင့်ချက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေး၊ ဝမ်းစာနဲ့ တည်ငြိမ်မှုတွေကို ဆုံးရှုံးခဲ့ရပေမဲ့ “ဘုရားသခင်ရဲ့ ရှိနေခြင်း” ကိုတော့ မဆုံးရှုံးခဲ့ကြောင်းနဲ့ ဒါကို စစ်ဘေးရှောင်စခန်းတွေ၊ ဆက်လက် အမှုတော်ဆောင်နေကြတဲ့ မိသားစုတွေ၊ မိခင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ခံနိုင်ရည်ရှိမှုတွေမှာ မြင်တွေ့နိုင်ကြောင်းလည်း သူက ဆိုပါတယ်။
နိုင်ငံတကာရဲ့ အာရုံစိုက်မှုက အကြမ်းဖက်မှု ပြင်းထန်ချိန်မှသာ ရောက်ရှိလာတတ်တာကြောင့် မြန်မာပြည်သူတွေက “အမေ့လျော့ခံ” လို့ ခံစားနေကြရပေမဲ့ ကမ္ဘာက မေ့လျော့နေခြင်းဟာ ဘုရားသခင်က စွန့်ပစ်ခြင်းနဲ့ မတူကြောင်းလည်း ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက မိန့်ကြားခဲ့တာပါ။
“မြန်မာနိုင်ငံဟာ အကြည့်လွတ်သွားတာမျိုး ဖြစ်နိုင်ပေမဲ့ ဘုရားသခင်ရဲ့ အစီအမံထဲမှာတော့ အမေ့လျော့ခံ မဟုတ်ပါဘူး။”
နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံဟာ ဗာတီကန်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အမြဲတမ်း သတိရ ဆုတောင်းပေးမှုမှာ ရှိနေကြောင်း၊ “မျှော်လင့်ချက် ပျောက်ဆုံးသွားခြင်းက အနာဂတ်ကို အကြမ်းဖက်မှုနဲ့ အားငယ်မှုလက်ထဲ ပုံအပ်လိုက်တာဖြစ်တယ်” လို့ ဆိုကာ ဘုရားသခင်ရဲ့ သစ္စာတော်ကို ကိုးစားပြီး ဆက်လက်ရှင်သန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကာဒီနယ်လ် ချားလ်စ်မောင်ဘိုဟာ ပြီးခဲ့တဲ့ ခရစ္စမတ် ဆုတောင်းသဝဏ်လွှာထဲမှာ လာမဲ့ ၂၀၂၆ ခုနှစ်က မြန်မာနိုင်ငံအတွက် လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကင်းမဲ့တဲ့ ငြိမ်းချမ်းရေးနှစ် ဖြစ်ပါစေကြောင်း မိန့်ကြားထားခဲ့ပါသေးတယ်။
Source: Vatican News


