Home
ဆောင်းပါး
မြန်မာနိုင်ငံဆီ ခရီးသွားခြင်းကို သပိတ်မှောက်ကြ
DVB
·
February 12, 2026

ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို မြန်မာစစ်တပ်က မနက်အစောကြီး အာဏာသိမ်းပြီး နိုင်ငံကို အကြမ်းဖက်မှုတွေ၊ လူအစုလိုက် အပြုံလိုက် ဖမ်းဆီးထောင်ချမှုတွေ၊ စီးပွားရေး ပြိုလဲမှုတွေနဲ့ အာရှရဲ့ အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေထဲ တွန်းပို့လိုက်တာ ၅ နှစ်ပြည့်သွားတဲ့နေ့ ဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက အရပ်သား အနည်းဆုံး ၇,၇၀၀ သတ်ဖြတ်ခံခဲ့ရပြီး ၃၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ ၂၂,၀၀၀ ကျော်ကတော့ အကျဉ်းထောင်တွေထဲမှာ ဆက်ရှိနေတုန်းပါပဲ။ အဲဒီအထဲမှာ နိုင်ငံရဲ့ အရပ်သားခေါင်းဆောင်တွေ အပါအဝင် လူအများအပြားဟာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ၊ လုပ်ကြံဖန်တီးထားတဲ့ ပုဒ်မတွေနဲ့ တရားစွဲခံရတာတွေ ကြုံနေရပါတယ်။

လူပေါင်း ၃ ဒသမ ၆ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး နေအိမ် ၁၁၃,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀,၀၀၀ နီးပါးလောက် လုပ်ဆောင်ခဲ့တာဟာ စစ်တပ်အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။

ငွေကြေးဖောင်းပွမှုကလည်း အဆမတန် မြင့်တက်လာပြီး နိုင်ငံခြားငွေတွေကို သိမ်းယူတာ၊ အခြေခံသွင်းကုန်တွေကို ကန့်သတ်တာတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဘဝရပ်တည်ရေးဟာ မရေမရာ ဖြစ်နေပါတယ်။ စစ်တပ်က သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင်လုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခံနေရတဲ့ကြားကနေ "ရွေးကောက်ပွဲ" အတုအယောင်တွေ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကတော့ သူတို့ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့ ငြင်းဆန်ထားပါတယ်။

ဒီနေ့ မြန်မာနိုင်ငံဟာ အကျပ်အတည်းဖြစ်နေတဲ့ ဒီမိုကရေစီနိုင်ငံ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက စနစ်တကျ ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေပြီး အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေနဲ့ အုပ်ချုပ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်စွာ သွားလာခွင့်ကို ဘက်မလိုက်မှုလို့ မှားယွင်းယူဆတတ်ကြပြီး ခရီးသွားခြင်းကို အပြစ်ကင်းတယ်လို့ ထင်တတ်ကြတဲ့ ကမ္ဘာကြီးအတွက် တရားဝင် ကျင့်ဝတ်ဆိုင်ရာ တိုက်တွန်းချက်တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီ ခရီးသွားလာမှု အားလုံးကို ချက်ချင်း ရပ်ဆိုင်းကြဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒီတောင်းဆိုမှုဟာ အထိမ်းအမှတ်သဘောမျိုး မဟုတ်သလို အပေါ်ယံဆန္ဒပြမှုလည်း မဟုတ်ပါဘူး။ မတရားမှုကို လက်မခံဘဲ ငြင်းဆန်ခြင်းဆိုတဲ့ အကြမ်းမဖက် ခုခံရေး လှုပ်ရှားမှုရဲ့ ရှေးအကျဆုံး မူဝါဒအပေါ် အခြေခံထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှုကို ပြသခြင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အပန်းဖြေခရီးသွားစရာ နေရာတခု မဟုတ်တော့ပါဘူး။ အကျဉ်းထောင် နိုင်ငံတခု ဖြစ်နေပါပြီ။ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကို ထောင်ချကာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ စစ်တပ်ရဲ့ ဓားစာခံနိုင်ငံ အဖြစ်ပဲ ရှိနေပါတော့တယ်။

မီးရှို့တိုက်ခိုက်မှုတွေကြောင့် လူအုပ်စုလိုက် ပျောက်ကွယ်သွားရတာတွေ ရှိသလို လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ဒုက္ခသည်တွေလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဖမ်းဆီးခံထားရသူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း ရှိပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ စစ်တပ်ရဲ့ အကာအကွယ်အောက်မှာ ကြီးထွားလာပါတယ်။ အကြမ်းဖက်မှုဆိုတာ အုပ်ချုပ်ရေးရဲ့ ဖောက်ပြန်မှု မဟုတ်ပါဘူး။ သူတို့ရဲ့ အုပ်ချုပ်ပုံတခုကို ဖြစ်နေတာပါ။

ခရီးသွားတွေဆီကရတဲ့ ဒေါ်လာတိုင်းဟာ ဖိနှိပ်ရေးယန္တရားကို အစာကျွေးနေတာနဲ့ တူပါတယ်။ ကန့်ကွက်မှုမရှိဘဲ ထုတ်ပေးလိုက်တဲ့ ဗီဇာတိုင်းဟာ ရာဇဝတ်မှုကို တရားဝင်အောင် လုပ်ပေးနေတာပါ။ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေလိုမျိုး ဖော်ပြထားတဲ့ ခရီးသွားကြော်ငြာတိုင်းဟာ သံတိုင်တွေနောက်က၊ လေကြောင်းတိုက်ခိုက်မှုအောက်က ဘဝတွေကို ဖျောက်ဖျက်ပစ်ရာ ရောက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘက်မလိုက်ဘူး ဆိုတာဟာ မျှတတာ မဟုတ်ပါဘူး၊ ပူးပေါင်းပါဝင်နေတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးအနေနဲ့ ဒီကိစ္စကို လက်မခံဘဲ ရှင်းရှင်းလင်းလင်း၊ လူသိရှင်ကြားနဲ့ တစိုက်မတ်မတ် ငြင်းဆန်ကြဖို့ ကျနော်တို့ တောင်းဆိုပါတယ်။

ခရီးသွားအေးဂျင့်တွေ အတွက်ကတော့ မြန်မာနိုင်ငံ ခရီးစဉ်တွေကို ကြော်ငြာတာ၊ ရောင်းချတာမျိုး ရပ်ဆိုင်းပြီး ဘာကြောင့် ဒီလိုလုပ်ရသလဲ ဆိုတာကို ရှင်းလင်းတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပေးဖို့ လိုပါတယ်။ လေကြောင်းလိုင်းတွေနဲ့ လက်မှတ်အရောင်းဌာနတွေ အနေနဲ့လည်း နိုင်ငံကို ဘေးကင်းသယောင်၊ ပုံမှန်အခြေအနေလို ပြသနေတဲ့ ခရီးစဉ်တွေ၊ ပူးပေါင်းပျံသန်းမှုတွေနဲ့ ဈေးကွက်မြှင့်တင်ရေးတွေကို ရပ်တန့်ရပါမယ်။

သံရုံးတွေနဲ့ အစိုးရတွေ အနေနဲ့ကတော့ အပျော်ခရီးသွားလာမှုတွေကို ကူညီဆောင်ရွက်ပေးတာမျိုး မလုပ်ဘဲ လူ့အခွင့်အရေး ရှုထောင့်အရ မဖြစ်မနေ သွားစရာမလိုရင် မသွားကြဖို့ အကြံပြု တိုက်တွန်းသင့်ပါတယ်။

မူဝါဒချမှတ်သူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့ကတော့ မတရားမှုကို စကားလှလှလေးတွေနဲ့ ဖုံးကွယ်မနေဘဲ အမှန်အတိုင်း ပြောဆိုသင့်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နှုတ်ဆိတ်နေတာဟာ အားပေးရာ ရောက်ပါတယ်။

Influencer တွေ၊ အနုပညာရှင်တွေ၊ စာရေးဆရာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ ဒုက္ခရောက်နေတာတွေကို အလှတရားအဖြစ် ပုံဖော်တာမျိုး၊ ဖိနှိပ်ခံရမှုတွေကို Content လုပ်တာမျိုး မလုပ်ဖို့ လိုပါတယ်။

သတင်းသမားတွေနဲ့ အယ်ဒီတာတွေ အနေနဲ့ကတော့ ပေါ့ပေါ့ပါးပါး ခေါင်းစဉ်တပ်တာမျိုးကို စွန့်လွှတ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုအောက် ရောက်နေတဲ့ နိုင်ငံဆိုတဲ့ အမှန်တရားအတိုင်း ခေါ်ဝေါ်သုံးနှုန်းဖို့ လိုပါတယ်။

ဒီသပိတ်မှောက်မှုဟာ လူမျိုးမရွေး၊ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူမရွေး၊ အဖွဲ့အစည်းမရွေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ကြံရာပါ ဖြစ်သွားတတ်ပါတယ်။ တရားမျှတမှု ရဖို့ဆိုရင် ရှင်းလင်းပြတ်သားမှု ရှိရပါမယ်။

တသီးပုဂ္ဂလတွေအနေနဲ့ အခု ဘာလုပ်နိုင်မလဲ။ နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ လုံး လွတ်မြောက်ပြီး အရပ်သားအုပ်ချုပ်မှု ပြန်မရမချင်း မြန်မာနိုင်ငံကို ခရီးသွားဖို့ ငြင်းဆန်ပါ။ အဲဒီငြင်းဆန်မှုကို လူသိရှင်ကြား ကြေညာပါ။ စာသင်ခန်းတွေ၊ လူမှုအသိုက်အဝန်းတွေ၊ လုပ်ငန်းခွင် အသင်းအဖွဲ့တွေ၊ ယဉ်ကျေးမှု နေရာတွေနဲ့ လူမှုကွန်ရက်တွေမှာ မနားတမ်း ပြောဆိုပြီး ကျယ်ပြန့်အောင်လုပ်ပါ။

တက္ကသိုလ်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တွေ၊ ကုမ္ပဏီတွေ၊ သမဂ္ဂတွေ၊ အနုပညာ အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအသိုက်အဝန်းတွေ စတဲ့ ကိုယ်ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီသပိတ်မှောက်မှုမှာ တရားဝင်၊ သိသိသာသာ ပါဝင်လာအောင် ဖိအားပေးပါ။

အကြမ်းမဖက် ဖိအားပေးမှုဆိုတာ ဒီလိုမျိုး အလုပ်လုပ်ကြတာပါ။ အသံတသံတည်း၊ အခိုက်အတန့် တခုတည်းနဲ့ မဟုတ်ဘဲ သန်းနဲ့ချီတဲ့ ငြင်းဆန်မှုတွေကနေတဆင့် အာဏာရှင်တွေရဲ့ ဝင်ငွေ၊ တရားဝင်မှုနဲ့ နိုင်ငံတကာအကာအကွယ်တွေကို ရိုက်ချိုးပစ်တာ ဖြစ်ပါတယ်။ လူအများစုက ငြင်းဆန်မှုတွေ လုပ်တဲ့အခါ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတဲ့ အဆောက်အအုံကြီး အက်ကွဲစ ပြုလာပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေ၊ စခန်းတွေ၊ လျှို့ဝှက်ထိန်းသိမ်းရေး စခန်းတွေထဲက ထောင်နဲ့ချီတဲ့ သူတွေအားလုံးကို ပြောချင်တာက ခင်ဗျားတို့ကို မမေ့ပါဘူး ဆိုတာပါပဲ။

အကျဉ်းထောင် နိုင်ငံဆီ လေယာဉ်မပျံသန်းရ။

အကြမ်းဖက်မှုအောက်မှာ ခရီးသွားလုပ်ငန်း မရှိစေရ။

နိုင်ငံတခုလုံး လှောင်အိမ်သွင်း အကျဉ်းချခံထားရချိန်မှာ ပုံမှန်အတိုင်း စီးပွားရေးလုပ်တာမျိုး မရှိစေရ။ အကျဉ်းသားတွေ လွတ်မြောက်ပြီး ငြိမ်းချမ်းရေး ပြန်ရတဲ့အထိ၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်လာတဲ့အထိ မြန်မာနိုင်ငံ ခရီးသွားလာမှုကို သပိတ်မှောက်ကြပါ။

ဒီတောင်းဆိုမှုဟာ Use Your Freedom (သင့်လွတ်လပ်ခွင့်ကို အသုံးချပါ) ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး သွားလာလှုပ်ရှားမှု၊ မြင်သာထင်သာရှိမှုနဲ့ အသံတွေကို ကိုယ်ကျင့်တရားဆိုင်ရာ လက်နက်တွေအဖြစ် ပြောင်းလဲဖို့ ဖိတ်ခေါ်ချက် ဖြစ်ပါတယ်။ ကြေညာချက်ထုတ်ရုံသက်သက်နဲ့ မအောင်မြင်နိုင်တဲ့ နေရာမှာ နယ်နိမိတ်တွေ၊ ယဉ်ကျေးမှုတွေ ကျော်လွန်ပြီး စုပေါင်းငြင်းဆန်ကြမယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။

မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲလို့ မေးမြန်းနေရုံထက် ပိုလုပ်ဖို့ အမှန်တရားက ကျနော်တို့ကို တောင်းဆိုနေပါတယ်။ မြန်မာပြည်သူတွေအတွက် ကျနော်တို့ရဲ့ လွတ်လပ်ခွင့်ကို အသုံးပြုရမဲ့အချိန် ရောက်ပါပြီ။

အလန်ကလဲမန့်စ်၊ ဖာဂတ်စ်ဟာလို

(အလန်ကလဲမန့်စ်ဟာ စာရေးဆရာ၊ ဗုဒ္ဓဘာသာဘုန်းကြီး ဝတ်ခဲ့ဖူးသလို လူ့အခွင့်အရေး လှုပ်ရှားသူ၊ အာဏာရှင်စနစ်၊ အကြမ်းမဖက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှုတွေအကြောင်း စာအုပ်အများအပြား ရေးသားခဲ့သူ ဖြစ်ပါတယ်။ သူဟာ Conversation with a Dictator၊ Unsilenced: Aung San Suu Kyi-Conversations from a Myanmar Prison နဲ့ Politics of the Heart: Nonviolence in the Age of Atrocity အပါအဝင် စာအုပ် ၁၇ အုပ်ကို ရေးသားခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ ဆယ်စုနှစ် ၃ ခုကျော်ကြာ လက်တွဲလုပ်ကိုင်ခဲ့ပြီး သူ့ရဲ့ စာတွေကို အာရှ၊ ဥရောပနဲ့ အမေရိကန်တို့က နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဖာဂတ်စ်ဟာလိုဟာ စာရေးဆရာ၊ ပညာရှင်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု မှတ်တမ်းတင်ခြင်း လုပ်ငန်းတွေမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေအားလုံး လွတ်မြောက်ရေး တောင်းဆိုနေတဲ့ UseYourFreedom.org ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရှာ မူလသုတေသနတွေ၊ တိုက်ရိုက်သက်သေထွက်ဆိုချက်တွေ၊ မြန်မာ့နိုင်ငံရေးနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ရေရှည် ထိတွေ့ဆက်ဆံမှုတွေအပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ လက်ရာများစွာကို Alan Clements နဲ့အတူ ပူးတွဲရေးသားခဲ့ပါတယ်။)

(DVB English ဝက်ဆိုက်တွင် စာရေးဆရာ အလန်ကလဲမန့်စ်နှင့် ဖာဂတ်စ်ဟာလိုတို့ ရေးသားထားသည့် “Boycott travel to Myanmar until prisoners are freed and democracy restored” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013