
ကရင်ပြည်နယ်၊ မြဝတီဒေသက အဓိက အွန်လိုင်းလိမ်လည်မှုဂိုဏ်းတခုရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ သက်ဆိုင်ရာ အဆောက်အအုံအားလုံးကို ဖြိုခွင်းရာမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသားအားလုံးကို နေရပ်ပြန်ပို့ခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်မှာ အတည်ပြုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်နားမှာရှိပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park အရှုပ်တော်ပုံမှာ တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ မကြာသေးမီက ပူးတွဲနှိမ်နင်းရေး စစ်ဆင်ရေးတွေအပြီး သံသယရှိသူ အယောက် ၁,၅၀၀ ကျော်ကို အသုတ်လိုက် ပြန်ခေါ်လာခဲ့ပြီး အဆောက်အအုံ ၆၃၀ ကျော်ကို ဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။
သံသယရှိသူတွေကို တရုတ်နိုင်ငံဆီပြန်ပို့ဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ အစီအစဉ်တွေအရ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်နဲ့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့က ရဲအရာရှိတွေကို တာဝန်ပေးခဲ့ပါတယ်။
နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအရ မြဝတီမှာ ၃ နိုင်ငံ ပူးပေါင်းစစ်ဆင်ရေးတွေဟာ အဆင့်လိုက် ရလဒ်တွေ ရခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက တရုတ်၊ မြန်မာနဲ့ ထိုင်းဥပဒေစိုးမိုးရေးအေဂျင်စီတွေဟာ မြဝတီမှာ ပျံ့နှံ့နေတဲ့ ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေး အများအပြားကို စတင်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် အစောပိုင်းကတည်းက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့က သက်ဆိုင်ရာအာဏာပိုင်တွေက နေရပ်ပြန်ပို့ခြင်း စစ်ဆင်ရေး ၁၀ ကြိမ်ကို ပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။
Source: Reuters


