
အချိန်တပတ်မပြည့်ခင်ကာလအတွင်းမှာပဲ တရုတ်နိုင်ငံတရားရုံးက မြန်မာကျားဖြန့်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် ၁၆ ယောက်ကို သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
လူသတ်မှုကနေစလို့ လိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေအထိ ရာဇ၀တ်မှုမျိုးစုံအတွက် ကျားဖြန့်ရာဇ၀တ်ဂိုဏ်းတွေရဲ့ အဓိကအဖွဲ့ဝင်တွေကို သေဒဏ်ပေးခဲ့တာဖြစ်ပြီး နစ်နာသူအားလုံး တရုတ်နိုင်ငံသားတွေဖြစ်ကြပေမဲ့ ပြစ်ဒဏ်စီရင်ခံရသူ အများအပြားကတော့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေကို ကွပ်မျက်လေ့မရှိတဲ့ မြန်မာနိုင်ငံက နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ပယ်ယင်းချန်းဟာ အခုလအစောပိုင်းမှာ ကွပ်မျက်ခံခဲ့ရတဲ့ မြန်မာကျားဖြန့်ရာဇဝတ်ဂိုဏ်းဝင်တွေထဲက တယောက်ဖြစ်ကာ သူဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသ ကိုးကန့်က ကြီးမားတဲ့ ဆက်သွယ်ရေးလိမ်လည်မှုနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေရဲ့ ဗဟိုချက်ဖြစ်တဲ့ ပယ်မိသားစုဂိုဏ်းရဲ့ အဓိကအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။
အဆိုပါ ဂိုဏ်းရဲ့ လုပ်ဆောင်ချက်တွေကြောင့် တရုတ်နိုင်ငံသား ၆ ယောက် သေဆုံးခဲ့ရပေမဲ့ တရုတ်ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ဝန်ခံချက်မှာတော့ ပယ်ယင်းချန်းက ပိုမိုများပြားတဲ့ ထိခိုက်နစ်နာမှုတွေအတွက် တောင်းပန်ခဲ့တာကို တွေ့ရပါတယ်။
"ကျနော့်ရဲ့ မိသားစုတခုလုံးကို ကိုယ်စားပြုပြီး တရုတ်နိုင်ငံသားတွေနဲ့ တရုတ်အစိုးရကို တောင်းပန်ချင်ပါတယ်။ ကျနော်တို့ မိသားစုရဲ့ လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံသား သောင်းနဲ့ချီပြီး ထိခိုက်နစ်နာခဲ့ရပါတယ်။ ကျနော်တို့ လုပ်ခဲ့တာတွေအတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။"
တခြားကွပ်မျက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာတော့ မင်မိသားစုဂိုဏ်းရဲ့ ဒုခေါင်းဆောင် မင်ကော်ဖိန် နဲ့ ရှူမိသားစုဂိုဏ်းခေါင်းဆောင် ရှုလောင်ဖာတို့ ပါဝင်ခဲ့ပြီး စတုတ္ထမြောက်မိသားစုဖြစ်တဲ့ ဝေမိသားစုဝင်တွေကိုတော့ တရားစွဲဆိုထားပေမဲ့ စီရင်ချက် မချရသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေမှာတော့ နိုင်ငံခြားသားတယောက်ဟာ နိုင်ငံပြင်ပမှာ တရုတ်နိုင်ငံ၊ ဒါမှမဟုတ် သူ့နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ပြင်းထန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ပါက တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်း ထားတာပါ။
အဆိုပါဥပဒေဟာ ၁၉၇၉ ခုနှစ်ကတည်းက ရှိနေခဲ့ပေမဲ့ ၂၀၁၁ ခုနှစ် မဲခေါင်မြစ်အတွင်း လူသတ်ပွဲ ဖြစ်ပွားပြီးနောက်မှာ အမှန်တကယ် စတင်အသက် ဝင်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်မှာ ကုန်တင်သင်္ဘော ၂ စင်းပေါ်က သင်္ဘောသား ၁၃ ယောက် အသတ်ခံခဲ့ရပြီး သူတို့ ရုပ်အလောင်းတွေကိုမြစ်အတွင်း စွန့်ပစ်ခဲ့တာကြောင့် မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းကို နောက်ပိုင်းမှာ တရုတ်နိုင်ငံဘက် လွှဲပြောင်း ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အဆိပ်ထိုးကွပ်မျက်ခဲ့တာပါ။
ဖူတန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာရှင် လင်းမင်ဝမ်က အဆိုပါ လူသတ်မှုသတင်းက တရုတ်နိုင်ငံကို တုန်လှုပ်စေခဲ့ပြီး လူထုရဲ့ ဒေါသကို ဖြစ်ပေါ်စေခဲ့ကာ တရုတ်ဥပဒေစိုးမိုးရေး အေဂျင်စီတွေအနေနဲ့ တရုတ်နိုင်ငံသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော လွှဲပြောင်းပေးမှုတွေနဲ့ ကွပ်မျက်မှုတွေကတော့ တစိတ်တပိုင်းအားဖြင့် တရုတ်ရဲ့ "အင်အားပြမှု" တခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကြောင့် အလျှော့ပေးလိုက်လျောခဲ့ရတာလို့ သူက ပြောပါတယ်။
"ရိုးရိုးလေးပြောရရင် မြန်မာအာဏာပိုင်တွေက ဘာလို့ ဒီလူတွေကို လွှဲပေးလိုက်ရတာလဲ။ သူတို့မှာ ရွေးချယ်စရာ မရှိလို့ပါ။ အကယ်၍ မလွှဲပေးဘူးဆိုရင် တရုတ်နိုင်ငံမှာ ဖိအားပေးဖို့ နည်းလမ်းမျိုးစုံ ရှိပါတယ်။"
ဒါ့အပြင် မြန်မာစစ်အုပ်စုဟာ ပြည်တွင်းရော ပြည်ပမှာပါ ကြီးမားတဲ့ ဖိအားတွေအောက် ရောက်နေပြီး ရှင်သန်ရပ်တည်ဖို့အတွက် ထောက်ခံမှုလိုအပ်နေကာ တရုတ်နိုင်ငံက သူတို့ရဲ့ အရေးအကြီးဆုံး ကျောထောက်နောက်ခံတွေထဲက တခု ဖြစ်နေတာကြောင်လို့လည်း ထောက်ပြထားပါတယ်။
“ဒါထက် ပိုအရေးကြီးတာက ဒီနှိမ်နင်းမှုကို ပြတ်ပြတ်သားသား လုပ်ဆောင်မယ့် တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါဟာ ပတ်ဝန်းကျင်က နိုင်ငံငယ်လေးတချို့အတွက် ကြီးမားတဲ့ တုန်လှုပ်မှု ဖြစ်စေတယ်လို့ ကျနော် ထင်ပါတယ်။"
လတ်တလော ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေကို ကွပ်မျက်ပြီးနောက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကွပ်မျက်မှုတွေက အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းတာ၊ တရုတ်နိုင်ငံသားတွေ အကျိုးစီးပွားကို ကာကွယ်တာနဲ့ နယ်စပ်ဖြတ်ကျော် ဥပဒေစိုးမိုးရေး ကြိုးပမ်းမှုတွေအတွက် သိသာထင်ရှားတဲ တိုးတက်မှုဖြစ်ကြောင်း ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
ဟောင်ကောင်မြို့ပြတက္ကသိုလ် နိုင်ငံတကာဥပဒေပါမောက္ခ ဝမ်ကျန်းယုကတော့ လွှဲပြောင်းပေးမှုက ဒေသတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို ပြသတဲ့ ခိုင်မာတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံက အဓိက ဒုစရိုက်ဂိုဏ်းကြီး လေးခုရဲ့ အဓိကအဖွဲ့ဝင်တွေကို တရုတ်နိုင်ငံက ဖမ်းဆီးနိုင်ခဲ့တာဟာ ဒေသတွင်း သံတမန်ရေးရာမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာရှိတဲ့ အာဏာကို သံသယဖြစ်စရာ မလိုဘဲ သက်သေပြနေတာပါ။ ဒေသတွင်း အစိုးရတွေဟာ လိုလိုလားလား ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ဟာ ဖိအားပေးခံရလို့ လုပ်ဆောင် ခဲ့ကြတာပါ။”
ခုလိုပြစ်ဒဏ်တွေ ချမှတ်တာက တရုတ်နိုင်ငံအနေနဲ့ ပြည်ပရောက် သူတို့ရဲ့ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် “မညှာမတာ ပြတ်သားမှု” ကို ပြသနေတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ငြိမ်ခံနေရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိနိုင်တော့ကြောင်း လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံ ကျားဖြန့်ဂိုဏ်းတွေကနေ တရုတ်နိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ တယ်လီကွန်းလိမ်လည်မှု ကျူးလွန်သူ အယောက် ၁၁,၀၀၀ ကျော်ထိ ရှိခဲ့ပြီး သူတို့ကို တရားစွဲဆိုခဲ့တဲ့အကြောင်း တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး အစိုးရရှေ့နေရုံး (SPP) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်ဆင်ဟွာသတင်းမှာ ပြီးခဲ့တဲ ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသက ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာတွေဆီ လူကုန်ကူးခံရသူ၊ ဒါမှမဟုတ် လှည့်ဖြားခိုင်းစေခံရသူ အရေအတွက် သိန်းနဲ့ချီရှိကြောင်း ပြောကြားထားပါတယ်။
တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး အစိုးရရှေ့နေရုံး (SPP) ရဲ့အဆိုအရ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေသူ ၆၂,၀၀၀ ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှု ကြီးကြပ်ရေးကို အားကောင်းစေဖို့နဲ့ အဆင့်မြင့် ပြည်သူ့လုံခြုံရေးကို မြှင့်တင်ရေး ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ SPP ဒုတိယရှေ့နေချုပ် မြောင်ရှန့်မင်းက ခုလိုပြောလိုက်တာဖြစ်ပြီး အမျိုးသားလုံခြုံရေး၊ လူမှုတည်ငြိမ်ရေးနဲ့ ပြည်သူ့ဘေးကင်းရေးတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုကျယ်ပြန့်တဲ့ လုပ်ဆောင်ချက်တွေရဲ့ တစိတ်တပိုင်းအနေနဲ့ ခုလိုအရေးယူတာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး အစိုးရရှေ့နေရုံး (SPP) ရဲ့အဆိုအရ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေသူ ၆၂,၀၀၀ ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသက ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာတွေဆီ လူကုန်ကူးခံရသူ၊ ဒါမှမဟုတ် လှည့်ဖြားခိုင်းစေခံရသူ အရေအတွက် သိန်းနဲ့ချီရှိကြောင်း ပြောကြားထားပါတယ်။
Source: The Global Times / South China Morning Post/ Bangkok Post


