
၁။
၁၉၉၂ ခု မာနယ်ပလောကို ကျနော်ရောက်လာတဲ့အခါ မာနယ်ပလောမှာ ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရ ဖွဲ့စည်းပြီးခါစပါ။
ကျနော်နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ (NLD L.A) ဌာနချုပ်ရုံးကနေပြီး အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ရုံးစိုက်ရာနေရာကို ခြေလျင်လျှောက်ရင် မိနစ် ၂၀ ကျော်နဲ့ ရောက်ပါတယ်။ အဲဒီလမ်းက တောင်စောင်းကို ဖြိုပြီးဖောက်ထားတဲ့ မြေနီလမ်းကလေးမို့ မကြာခဏ လမ်းထွက်လျှောက်ပါတယ်။
တနေ့ ဝန်ကြီးများရုံး (ကျနော်တို့က အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ရုံးကို ဝန်ကြီးများရုံးလို့ ခေါ်ကြပါတယ်။)ကို ကိစ္စတခုရှိလို့အသွား စားဖိုဆောင်ဘက် အရင်ဝင်ပါတယ်။ အဲဒီနေ့က ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း ရှိနေတယ်ဆိုလို့ တောင်စောင်းကို တခြမ်းဖြိုချပြီးဆောက်ထားတဲ့ သစ်သားဘားတိုက်ကြီးပေါ် တက်သွားပါတယ်။
ဝန်ကြီးချုပ်က ဘားတိုက်ကြီးခေါင်းရင်းဘက်အခန်းထောင့်မှာ သင်ဖြူးဖျာပေါ် သက္ကလတ်ပါး ကော်ဇောခင်းပြီးထိုင်နေပါတယ်။ သူ့ဘေးက အိပ်ရာက ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုရဲ့ အိပ်ရာပါ။ ကျနော်က ကျနော်တို့ရဲ့ ဌာနချုပ်ရုံးမှာ စာကြည့်တိုက်ကလေးဖွင့်ချင်လို့ ဝန်ကြီးချုပ်ဆီ အကူအညီလာတောင်းတာဖြစ်ကြောင်း ဒေါက်တာစိန်ဝင်းကို ရှင်းပြပါတယ်။ ဝန်ကြီးချုပ်ကလည်း ဝမ်းသာအားရ အားပေးစကားပြောပြီး မကြာမီ သူစုဆောင်းလို့ရသမျှ စာအုပ်တွေပို့ပေးမဲ့အကြောင်း ပြောပါတယ်။
ဝန်ကြီးများရုံးက ပြန်တဲ့အခါ လမ်းတလျှောက်လုံး ကျနော့်မျက်စေ့ထဲ စွဲနေတာကို ပြန်ပြန်ပြီးမြင် ပြန်ပြန်ပြီး စဉ်းစားလာခဲ့ပါတယ်။ တောထဲ သစ်သားဘားတိုက်ကြီးတခု။ သင်ဖြူးဖျာပေါ်ထိုင်နေတဲ့ ခပ်ညိုညို ခပ်ပိန်ပိန် လူတယောက်။ စကားပြောတော့ အသံတိုးတိုး။ နှုတ်ခမ်းအနည်းငယ်ထူထူ သွားပေါ်အောင်ပြုံးပြီး စကားပြောတတ်သူ။ အာဏာသိမ်းစစ်အစိုးရကို အာခံတော်လှန်သူ စင်ပြိုင်အစိုးရ၏ ခေါင်းဆောင် ဝန်ကြီးချုပ်။
တောင်ကွေ့နှစ်ကွေ့အကျော် မယ်တုက္ခီစမ်းချောင်း ဒူးဆစ်ခန့်မရှိတရှိရေကို ဖြတ်ကူးစဉ် ကုန်းအတက်လမ်းဆုံကို မော့ကြည့်တော့ “ဒေါ်အောင်ဆန်းစုကြည်လမ်း” ဆိုင်းဘုတ်လေးကို လှမ်းမြင် နေရပါတယ်။
၂။
ရုံးရှေ့လမ်းဘေးမှာချထားတဲ့ အထုပ်ကြီးကို တခြားရဲဘော်တယောက်နဲ့အတူမပြီး စာကြည့် တိုက်လုပ်တဲ့အခန်းကလေးထဲ ယူကြရပါတယ်။ အထုပ်ကြီးပေါ်မှာ ကျနော့်နာမည်နဲ့အတူ စာကြည့်တိုက်အတွက် ပို့ပေးတဲ့ စာအုပ်တွေလို့ သိရပါတယ်။ စာအုပ်ထုပ်ကို KNU ကားကြုံနဲ့ပို့လိုက်တာဖြစ်ပြီး ဒေါက်တာစိန်ဝင်းက နောက်ကခြေလျင်လိုက်လာနေကြောင်း သိရပါတယ်။
နာရီဝက်လောက်ကြာတော့ ကျနော်တို့ ဌာနချုပ်ရုံး ရုံးခန်းနောက်က ထရံကာအခန်းကလေးဆီ ဒေါက်တာစိန်ဝင်း ခြေလျင်ရောက်လာပါတယ်။ စာကြည့်တိုက်လုပ်ထားတဲ့အခန်းကလေးကို ဒေါက်တာစိန်ဝင်းက အကြာကြီးကြည့်ပါတယ်။ အခန်းထဲမှာ ချိတ်ထားရေးထားတဲ့ စာတွေပုံတွေကို သေသေချာချာကြည့်ပါတယ်။ စုဆောင်းထားရှိပြီး စာအုပ်တွေနဲ့ စာအုပ်ငှားရမ်းမှုအခြေအနေ၊ စာအုပ်စာရင်းသွင်းမှုကို မေးပါတယ်။ ဝန်ကြီးချုပ်နဲ့အတူ ပြန်ကြားရေးဝန်ကြီး ဦးလှဖေလည် ပါလာပါတယ်။ သူတို့နှစ်ယောက်စလုံး ပီတိဖြစ်တဲ့မျက်နှာကိုယ်စီနဲ့ ကျနော့်ကို အားပေးစကားပြောကြပါတယ်။
တောထဲတောင်ထဲ တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံကရဲဘော်တွေ စာဖတ်နိုင်ဖို့ ရနိုင်သမျှ စာအုပ်တွေနဲ့ အခမဲ့စာအုပ်ငှါးလို့ရတဲ့ စာကြည့်တိုက်ကလေး ဖွင့်တဲ့အကြောင်း ကျနော်ကလည်း ရှင်းပြပါတယ်။
ဝန်ကြီးချုပ်တို့ ပြန်သွားကြတဲ့အခါ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလ အတွေ့အကြုံတချို့ ပြန်တွေးနေမိ ပြန်ပါတယ်။ ဒီတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲ အမှတ်တံဆိပ်က “ခမောက်” ပါ။ ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ “အမျိုးသားဒီမိုကရေစီပါတီ” ရဲ့ ရွေးကောက်ပွဲ အမှတ်တံဆိပ်က “နှဲ” ပါ။
ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ ပါတီဆိုတာက စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ လုပ်လာရင် နောက်ထပ်အရန်ပါတီတခု အသက်ကယ်ပါတီငယ်လေး ဖွဲ့ထားတဲ့ သဘောပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က လမ်းညွှန်ဖွဲ့စည်းထားတာပါ။ ပါတီဝင်အရေအတွက် တဆယ်တောင်မပြည့်တဲ့ အရန်ပါတီလေးပါ။ ဒါကို စစ်အစိုးရကသိတော့ ဘယ်ပါတီမဆို ရွေးကောက်ပွဲမဝင်မနေရလို့လုပ်လုပ်လာလို့ ဒေါက်တာစိန်ဝင်းတို့အဖွဲကလေးလည်း ရွေးကောက်ပွဲ ဝင်အရွေးခံရပါတယ်။
တိုက်ဆိုင်ချင်တော့ ဒေါက်တာစိန်ဝင်းတို့ ပါတီဝင်တယောက်က ကျနော့်တို့မြို့နယ်ဖြစ်တဲ့ အုတ်တွင်းမြို့နယ်တခြမ်းမှာ အမတ်လောင်းဝင်ရွေးရပါတယ်။ မဲဆွယ်စည်းရုံးကြတဲ့အခါ နယ်ခံလူထုက အဖြစ်အပျက်အလုံးစုံကို သိကြတာမဟုတ်တော့ “နှဲ” မလိုချင်ဘူး “ခမောက်”ပဲ လက်ခံမယ်လုပ်နေလို့ ကျနော်တို့မှာ “ခမောက်နဲ့ နှဲ အတူတူပဲ”ဆိုတဲ့ ကြွေးကြော်သံနဲ့ လူထုကို မနည်းလိုက်လံစည်းရုံးခဲ့ရတာကို ပြန်တွေးပြီး ပြုံးမိပါတယ်။
၃။
၁၉၉၅ မှာ ကျနော် အော်စလိုကို ရောက်လာပါတယ်။ ဒီတုန်းက အော်စလိုမှာရှိတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။ ဒါကြောင့်မို့ နော်ဝေနိုင်ငံ အော်စလိုကို ဒေါက်တာစိန်ဝင်း လာရောက်လေ့ရှိပါတယ်။ အဲဒီအခါ ကျနော်တို့နေတဲ့ ဖရီဒန်လွန်တိုက်ခန်းမှာပဲ တည်းပါတယ်။
တခါတော့ ဒေါက်တာစိန်ဝင်း အော်စလိုရောက်လာပါတယ်။ ကျနော်တို့ အလုပ်လုပ်ရာ DVB အသံလွှင့်ဌာနရုံးကို လေဆိပ်ကတဆင့် ရောက်လာတာပါ။ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုပေးပွဲတက်ဖို့ ဖိတ်လို့ရောက်လာတာပါ။
ရုံးကိုရောက်တော့ ဒေါက်တာစိန်ဝင်းကို ကုတ်အင်္ကျီကြီးချွတ်ပြီး ချိတ်ထားဖို့ ကျနော်တို့က ဝိုင်းပြောကြပါတယ်။ ဒေါက်တာစိန်ဝင်းက “ဟာ ရပါတယ်”ဆိုပြီး ဝတ်စုံပြည့်အဝတ်အစားနဲ့ပဲ နေပါတယ်။ ရုံးခန်းထဲမှာက အပူပေးစက်တွေ လိုသလောက်ဖွင့်ထားတာဆိုတော့ မအေးတဲ့အပြင် နည်းနည်းတောင် အိုက်သလိုရှိနေပါတယ်။ ငယ်ရွယ်တဲ့ စောနယ်လ်ဆင်ခူးဆိုရင် စွပ်ကျယ် ချိုင်းပြတ်နဲ့ပဲ စာထိုင်ရေးနေတာပါ။ ခဏနေတော့ အယ်ဒီတာချုပ်လုပ်တဲ့ ဒေါက်တာအောင်ခင်က “ဟာ ကိုစိန်ဝင်း မဖြစ်ဘူး ကုတ်အင်္ကျီကြီးချွတ်တော့ဗျာ၊ ခင်ဗျားဟာ အားနာစရာမရှိ အားနာနေတယ်၊ ဒီလောက်အိုက်နေတာ ကုတ်အင်္ကျီချွတ်ပြီး လွတ်လွတ်လပ်လပ်နေစမ်းပါဗျ”ဆိုပြီး သူကိုယ်တိုင် ကူချွတ်ပေးတော့မလို ဒေါက်တာစိန်ဝင်းနား သွားရပ်ပါတယ်။ အဲဒီတော့လည်း ဒေါက်တာစိန်ဝင်းက လက်မခံဘဲ ငြင်းနေပါတယ်။ ပြောမရတော့လည်း အားလုံးကလက်လျှော့ပြီး နေလိုက်ကြရပါတယ်။
နောက်တရက်ကျော်တော့ မသီတာဆီကို လမ်းကြုံလို့ ခဏဝင်လည်ပါတယ်။ မသီတာက မီးပူတိုက်ရင်း ကျနော်ကို စကားပြောဧည့်ခံပါတယ်။ ကျနော်က ကျောပြင်ရိပြီး နည်းနည်းကွဲနေတဲ့ ယောက်ျားဝတ်အင်္ကျီတထည်ကို မီးပူတိုက်နေတာတွေ့တော့ “ဟဲ့ ဘယ်ကအင်္ကျီကြီးလည်း သမီးရာ”လို့ မေးတော့ “ဝန်ကြီးချုပ်အင်္ကျီတော်ရေ့၊ သီတာက ဝန်ကြီးချုပ် အော်စလိုလာရင် အမြဲတမ်း အခုလိုပဲ လျှော်ဖွပ်မီးပူတိုက်ပေးနေကျ၊ ဝန်ကြီးချုပ်က အရမ်းနှမြောတယ် ဦးငြိမ်းရ၊ သီတာက လာတဲ့အခိုက်တော့ ကိုယ့်မိဘလိုပဲ အမြဲလိုက်လုပ်ပေးရတာ”လို့ ပြောလိုက်ပါတယ်။
မသီတာပြောတာကြားရတော့ ကျနော့်မှာ ရုံးကို ဝန်ကြီးချုပ်ရောက်လာတဲ့နေ့က ပူရအိုက်ရတဲ့ကြား ဘယ်သူပြောပြောမချွတ်ဘဲ ကုတ်အင်္ကျီကြီးတဖားဖားနဲ့ တနေကုန်နေသွားတဲ့ ဝန်ကြီးချုပ်ကို ပြန်ပြီးသတိရသွားရပါတယ်။
၄။
“ဝန်ကြီးချုပ် အန်တီပြုံး ဖုန်းဆက်တယ်၊ အခမ်းအနားသွားဖို့ တနာရီတော့လိုသေးတယ်၊ ဒါပေမဲ့ ပြင်ဆင်ထားပါလို့ ပြောတယ်ခင်ဗျ။”
ကျနော်က အခန်းတံခါးမှာ နားကပ်ကာနားထောင်တော့ “ဟုတ်ကဲ့ပါ ကိုငြိမ်းဝေ” အသံကြားမှ ကိုယ့်အခန်းကိုယ် ပြန်လာလိုက်၏။ ခဏအကြာတွင် စိတ်ထဲတမျိုးဖြစ်လာသဖြင့် ဝန်ကြီးချုပ်ထံ ပြန်သွားကာ “ဝန်ကြီးချုပ် အဆင်ပြေရဲ့လား”လို့ အပြင်ဘက်မှအသံပေးလိုက်ပါတယ်။ ဒီအခါမှာ အခန်းတံခါး ချက်ချင်းပွင့်လာပြီး စိတ်ရှုပ်နေတဲ့ မျက်နှာနဲ့ ဝန်ကြီးချုပ်ထွက်လာ ပြီးတော့ “ကျနော့်မှာ ညစာစားပွဲတက်ဖို့ ဝတ်စုံမရှိဘူး ကိုငြိမ်းဝေရ”လို့ ပြောလာပါတယ်။
ဒီအချိန် ကျနော်တို့နဲ့ အတူနေ ဒေါက်တာအောင်ခင်ရောက်လာပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံးထံ ဖုန်းဆက်တော့ပါတယ်။ ချက်ချင်းဆိုသလို ဒေါ်ခင်ပြုံးက ကားနဲ့ ရောက်လာပြီး သူနဲ့ အတူပါလာသူတဦးက ဒေါက်တာစိန်ဝင်းရဲ့ ကိုယ်အတိုင်းအထွာတွေကို တိုင်းဟာ ထွာဟာ လုပ်ပါတယ်။ ဒီနောက် နှစ်ယောက်စလုံး ပြန်ထွက်သွားကြပါတယ်။
မိနစ် ၂၀ လောက်ရှိတဲ့အခါ ဝန်ကြီးချုပ်အတွက် အရေးပေါ်ငှားထားတဲ့ ညစာစားပွဲတက် ဝတ်စုံရောက်လာလို့ ကျနော်က ဝန်ကြီးချုပ်အခန်း သွားပို့ရပါတယ်။ အခမ်းအနားတက်ဖို့ နာရီဝက်လောက်အလိုမှာ ဒေါ်ခင်ပြုံးဖုန်းဆက်လို့ ဝန်ကြီးချုပ်ကို တံခါးသွားခေါက်ပြီး သတိပေးရ နှိုးဆော်ရပါတယ်။
ဒီအခါမှာ အခန်းပေါက်ဝမှာ ဝတ်စုံကြီးဖရိုဖရဲရဲ့ ဒေါက်တာစိန်ဝင်း ပေါ်လာပါတယ်။ ဒိနောက် ဒေါက်တာစိန်ဝင်းပြောတဲ့စကား ဆုံးအောင်နားမထောင်တော့ဘဲ ဒေါက်တာအောင်ခင် အခန်း သွားပြောရပါတယ်။ “အန်ကယ်ကြီးရေ လုပ်ပါဦး ဝန်ကြီးချုပ်က ဝတ်စုံမဝတ်တတ်ဘူးတဲ့ လုပ်ပါဦး ကျနော်လည်း ဝတ်မပေးတတ်ဘူး“လို့ တက်သုတ်ရိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ ဒေါက်တာအောင်ခင်က “ဒီလူတော့ တော်တော်ခက်တာပဲ”လို့ ဆိုကာ ဒေါက်တာစိန်ဝင်းကို ဝတ်စုံ ကူဝတ်ပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဒေါ်ခင်ပြုံးရောက်လာပြီး ဒေါက်တာစိန်ဝင်းကို ညစာစားပွဲဆီကို ကားနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ ကျနော်တို့ အခန်းကအထွက်မှာ DVB ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံးက ကျနော့်ကို စကားတခွန်း ကမန်းကတန်း ကပ် ပြောသွားခဲ့တယ်။ ကျနော့်မှာ တအံ့တဩ။ မယုံတဝက် ယုံတဝက်။ အံတီပြုံး ပြောလိုက်တဲ့ စကားမှာ “ကျမကသိတယ် ကိုငြိမ်းဝေ ဒါကြောင့်မို့ ကျမက ဖုန်းခဏခဏဆက်နေတာပေါ့။ ပြီးတော့ ဝန်ကြီးချုပ်မှာ ပြန်တဲ့အခါ လေဆိပ်ဆင်းဖို့တောင် ပိုက်ဆံရှိတော့ဟန်မတူဘူး၊ ကျမရိပ်မိလို့ ဝန်ကြီးချုပ်အိတ်ကပ်ထဲ ပိုက်ဆံ ၅,၀၀၀ ထည့်ပေးထားလိုက်တယ်၊ ကျမပြောပါတယ်။ ဦးဘိုလှတင့်တို့ကို၊ တော်တို့ ဝန်ကြီးချုပ်ကို ပစ်မထားကြပါနဲ့ သုံးဖို့စွဲဖို့ ပိုက်ဆံလေးတော့ လုပ်ပေးထားကြပါဦးလို့ ကျမပြောပြောနေရတာ” လို့ ဆိုပါတယ်။
၅။
ကျနော်ဟာ တော်လှန်ရေးခရီးမှာ သာမန်အောက်ခြေ ရဲဘော်မျှသာဖြစ်လို့ တချိန်က စစ်အာဏာရှင်အစိုးရကို ပုန်ကန်တော်လှန်ခဲ့တဲ့ စင်ပြိုင်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာစိန်ဝင်းရဲ့ အနီးမှာ အလုပ်လုပ်ခွင့်ရှိသူ အလုပ်လုပ်ခွင့်ရခဲ့သူ မဟုတ်ပါ။
ဒါပေမဲ့ အာဇာနည်ဦးဘဝင်းရဲ့သား ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တဝမ်းကွဲတော်သူ ဒေါက်တာစိန်ဝင်းနဲ့ ကံကြမ္မာ မျက်နှာသာပေးမှုအရ ခဏတဖြုတ် ကြုံခွင့်ဆုံခွင့် ရလိုက်တဲ့သဘောသာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒေါက်တာစိန်ဝင်းရဲ့ နိုင်ငံရေးဦးဆောင်မှု တော်၏ မတော်၏ကိုတော့ ထဲထဲဝင်ဝင် ကျနော်မသိပါ။
ကျနော်သိတာက ဒေါက်တာစိန်ဝင်းဆိုတဲ့ ပုဂ္ဂိုလ်မှာ တော်လှန်ရေးခေါင်းဆောင်တဦးရဲ့ အခြေခံ လိုအပ်ချက်တခုဖြစ်တဲ့ ခြိုးခြံချွေတာစွာ နေတတ်ခြင်း၊ အာဏာပါဝါ မမက်မောခြင်းတည်းဟူသောအချက် ပြည့်စုံသူဖြစ်တာကိုတော့ ကိုယ်တွေ့မို့ အခိုင်အမာယုံကြည်နေပါတယ်။ ပြီးတော့ သူရဲ့ ရိုးသားကျိုးနွံလွန်းတဲ့ ပညာရှင်တယောက်ရဲ့ အပြုံး။ ဒါကိုလည်း ကျနော် မမေ့နိုင်ပါ။
အခုတော့ ဒေါက်တာစိန်ဝင်း ကွယ်လွန်သွားခဲ့ပြီ။
ကြေကွဲရပါတယ် ဝန်ကြီးချုပ်။
ကျနော် အလေးအနက်စိတ်နဲ့ အလေးပြုလိုက်ပါတယ်။


