ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းအတွက် သက်ပျောက်တရားနာ၊ အမျှပေးဝေခြင်းအစီအစဉ်ကို မယ်ရီလန်းပြည်နယ်၊ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ ရက်နေ့မနက် ၇နာရီဝန်းကျင်မှာ အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာကွယ်လွန်ခဲ့တာပါ။
ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းမှာ ကွယ်လွန်သူ ဒေါက်တာ ဦးစိန်ဝင်းအတွက် သက်ပျောက်တရားနာ၊ အမျှပေးဝေခြင်းအစီအစဉ်ကို မယ်ရီလန်းပြည်နယ်၊ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ကျန်ရစ်သူမိသားစုက ပြုလုပ်ခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကို အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဘဝင်းရဲ့ သားဖြစ်ပါတယ်။
၁၉၈၈ အရေးတော်ပုံနဲ့ ၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ မြန်မာစစ်တပ်ရဲ့တရားမဲ့ပြုကျင့်မှုတွေကို နိုင်ငံတကာကသိရှိပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝိုင်းဝန်းရပ်ခံလာအောင် ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCGUB အစိုးရက နိုင်ငံတကာမျက်နှာစာမှာ မြင်သာတဲ့စွမ်းဆောင်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။
NCGUB နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဘိုလှတင့်က “အရင်က မြန်မာပြည်အကြောင်းကို သိပ်မသိကြတဲ့ နိုင်ငံတကာနယ်ပယ်မှာ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နဲ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေ ၁၉၉၂ - ၉၃ မှာ ကျလာအောင် ဆောင်ရွက်နိုင်တာဟာဖြင့် ဒေါက်တာစိန်ဝင်းရဲ့ ပြောင်မြောက်တဲ့ နိုင်ငံတကာနိုင်ငံရေးဦးဆောင်မှု အချို့အဝက်ကို ပြောပြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေး က “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရဆိုတာကြီးကို ထောင်ပြီးတော့မှ နိုင်ငံတကာကိုပတ်ပြီးတော့ ကမ္ဘာကနေ မြန်မာဆိုတာကို သိအောင်လို့ လော်ဘီတွေစလုပ်ခဲ့တာ ဒေါက်တာစိန်ဝင်းတို့ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်မှာ မရှိခဲ့ပါဘူး၊ ၉၃ မှာ ရောက်တဲ့အချိန်မှာ ဒေါက်တာစိန်ဝင်းတို့ကို ကျနော်တို့ကိုယ်တိုင် လေဆိပ်ကနေ သွားကြိုခဲ့ရတာပါ။ သူတို့ UN လော်ဘီခရီးစဉ်လာရင်းနဲ့မှ ကျနော်တို့ တလျှောက်လုံး အမေရိကမှာတွဲပြီး လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့အထဲမှာ ကျနော်တို့ တကယ့်လေးစားရတဲ့ ဆရာဂုဏ်နဲ့ပီသတဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်မြေကနေ ရွေးကောက်ပွဲအနိုင်ရခဲ့သူဖြစ်ပါတယ်။ မြန်မာစစ်တပ်က အာဏာမလွှဲပေးဘဲ မသမာမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေ မာနယ်ပလောမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး စင်ပြိုင်အစိုးရ NCGUB ကို ဒေါက်တာစိန်ဝင်းက ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။
Save Myanmar USA မှ ဦးထင်လင်းအောင်က “အထူးသဖြင့်တော့ သူ့ရဲ့စိတ်နေစိတ်ထား ခုနကပြောတဲ့ ရိုးသားမှုပေါ့။ နောက်တခုက တိုင်းရင်းသားတွေနဲ့သူနဲ့ကြားကဆက်ဆံရေး၊ တိုင်းရင်းသားတွေဘယ်လိုဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒပေါ့နော်၊ အဲ့ဒီဆန္ဒအပေါ်မှာ သူ့ရဲ့ရပ်တည်ချက် ခံယူချက် အဲ့ဒီဟာမျိုးတွေကို ကျနော်တို့သိရတဲ့အခါမှာ ပိုပြီးတော့ လေးစားမှုဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ ဆိုတော့ အဲ့ဒါလေးတွေ ကျနော်တို့ သင်ယူခွင့်ရခဲ့တယ်ပေါ့” လို့ ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးက “သူ့ရဲ့ဘဝတလျှောက်လုံးဟာ နောက်ဆုံး သူအသက်ဆုံးပါးတဲ့အချိန်အထိ ဒီအရေးတော်ပုံအတွက် တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တဲ့ သူတယောက်ဖြစ်တဲ့အတွက် အင်မတန်မှတန်ဖိုးရှိတဲ့ လူတယောက်ဖြစ်ခဲ့တယ်။ သူနဲ့လည်း ကျနော် ကြုံတွေ့ခွင့် စကားပြောခွင့်ရတာဟာ အင်မတန်မှ ဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ဒီမိုကရေစီအရေးမှာ အမြင်ကျယ်သူဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းကို အားပေးခဲ့သူဖြစ်ပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကို ၁၉၉၂ ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
NCGUB သဘာပတိအဖွဲ့ဝင်ဟောင်း ဦးအောင်စောဦး က “ဒီ ၉၂ အာဇာနည်နေ့မှာစလွှင့်လိုက်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံသည် ဒီကနေ့ NUGUB ရဲ့ လုပ်ဆောင်ချက်ထဲမှာ ကမ္ပည်းထိုးမှတ်တမ်းတင်ရမယ့် မှတ်တိုင်တခုဖြစ်တယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာဖြင့်နဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့နဲ့ ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်၊ သမီး မလပြည့်စိန်ဝင်းနဲ့ သား မောင်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ပါတယ်။
သုတချမ်းသာ













