Home
မြန်မာသတင်း
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်
DVB
·
February 7, 2026
Photo: DVB

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း အသက် (၈၃ နှစ်) ဟာ အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်၊ ဘာသက်စ်ဒါမြို့ရှိ ဆဘားဘန်ဆေးရုံကြီးမှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ  ၆ ရက် မနက် ၇ နာရီက ကွယ်လွန်သွားတယ်လို့ ကျန်ရစ်သူ မိသားစုက ထုတ်ပြန်ပါတယ်။

ဒေါက်တာ စိန်ဝင်းဟာ ကျန်းမာရေးခြေအနေဆိုးရွားလာတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆေးရုံမှာတက်ရောက် ဆေးကုသမှုခံယူနေရာကနေ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ နာရေးအစီအစဉ်ကို ထပ်မံကြေညာပေးသွားမယ်လို့ မိသားစုက အသိပေးထားပါတယ်။

ဒေါက်တာ စိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့ သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းကွဲ အစ်ကိုလည်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်စီစီသွယ်နဲ့ သားသမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်းကို အဖ ဦးဘဝင်းနဲ့ အမိ ဒေါ်ခင်စောတို့ကနေ ၁၉၄၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ  မွေးဖွားခဲ့ပါတယ်။ 

၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာဖြင့်နဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့နဲ့  ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။

ဒီနောက် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုတက္ကသိုလ်နဲ့ ကင်ညာနိုင်ငံ နိုင်ရိုဘီတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ လုပ်သားကောလိပ်မှာ ကထိက အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ကိုယ်ပွား အရန်ပါတီအဖြစ် အမျိုးသားဒီမိုကရေစီပါတီကို ဒေါက်တာစိန်ဝင်းဦးဆောင်ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တာမှာ အနိုင်ရကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လက်မခံဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာမလွှဲပြောင်းခဲ့တာကြောင့် ဒေါက်တာစိန်ဝင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ လွတ်မြောက်နယ်မြေ ရောက်ရှိလာပြီးနောက် NCGUB ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု တွေမှာ ထင်ရှားတဲ့ ခေါင်းဆောင်တယောက်အဖြစ် ပါဝင်ခဲ့သလို ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) အသံလွှင့်သတင်းဌာနကို ဦးဆောင်ဦးရွက်ပြု စတင်တည်ထောင်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

 ဒေါက်တာစိန်ဝင်း မကွယ်လွန်ခင်က DVB နှင့် တွေ့ဆုံမေးမြန်းချက် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013