
(လွန်ခဲ့သော ဆယ်နှစ် (၂၀၁၆ ခုနှစ် ဝန်းကျင်) က ရေးခဲ့သော ဆောင်းပါးဖြစ်ပါသည်။)
နိုင်ငံရေးအဖိုးအိုတယောက်ရဲ့ အိမ်ပြန်ချိန်မှာ ရတဲ့ဆုလာဘ်က “ခံဝန်ချက် လက်မှတ်ထိုးပါ၊ အသနားခံစာတင်ပါ၊ ဘယ်ထဲမှ ၀င်မပါနဲ့ ဆွေမျိုးတွေနဲ့ပဲ တွေ့ပါ” တဲ့လား။ ကမ္ဘာအနှံ့ပြန့်ကျဲနေတဲ့ ကဝိအိုတွေ။ တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ “တောဖြတ်၊ ထောင်ဖြတ်” ခဲ့ရသူတွေ။ ရောက်ရာနေရာမှာ အတွေးရော အလုပ်ရော မြန်မာပြည်အတွက် ပေးဆပ်နေသူတွေ။ ဘယ်တော့ “ခံဝန်ချက် ထိုးရတဲ့ ဘဝ” က လွတ်မလဲ။
“ကဝိအို၏ အိမ်ပြန်ချိန် ” ဟူသော ရင်ဖွင့်သံဆောင်းပါးထဲက မေးခွန်းများကို ဖြေဖို့ကြိုးစားရင်း “ဆရာ” ၏ သိမ်မွေ့ရိုးစင်းသော မျက်နှာကို မြင်ယောင်မိသည်။ တိုးတိုးညင်သာ လေသံဖြင့် မိမိ ယုံကြည်ချက်ကို မလျှော့တမ်းပြောတတ်သော ဆရာ့ကို မြင်ယောင်လာသည်။ ခေါက်ဆွဲခြောက် ရေနွေးစိမ်ကို နေ့လည်စာအဖြစ်စားရင်း မြန်မာ့နိုင်ငံရေးပုစ္ဆာကို လေးလေးနက်နက် တွက်ချက် အဖြေရှာနေသည့် ဆရာ့ကို မြင်ယောင်မိသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလတွင် ဆရာ့ကိုဖုန်းလှမ်းဆက်ရင်း “ အိမ်ပြန်ချိန်တော့ နီးလာပြီလားမသိဘူးဆရာ”ဟုမေးရာ ဆရာက “နီးလာပြီလို့တော့ ထင်ရတာပဲ” ဟု ပြန်ပြောခဲ့သည်။ ထိုအချိန်မှ ကိုးနှစ်ကြာသည့် ယနေ့အချိန်အထိ ဆရာသည် အိမ်ကို ပြန်မရောက် သေးပေ။ ဆရာ၏ အိမ်ပြန်ချိန်သည် နောက်ကျလှပါကလား။
ကျနော်တို့က “ ဆရာ” ဟု ခေါ်သူကား အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော ဒေါက်တာ စိန်ဝင်း (ယခင်က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ ( NCGUB ) ၏ ၀န်ကြီး ချုပ်) ဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင် ကိုးဦးတွင် ပါ၀င်သော ဦးဘဝင်း၏ သားဖြစ်၏။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏တူ ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲ ဖြစ်၏။
စင်စစ် ဆရာ့ကို နိုင်ငံရေးသမားဟုခေါ်ရမည်ထက် သင်္ချာပညာရှင်တဦးဟု ခေါ်သည်ကပိုပြီး ဆီလျော်မည်။ ၁၉၄၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့သော ဆရာသည် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာဖြင့် သိပ္ပံဘွဲ့ ( Bachelor of Science) ရသည်။ ၁၉၇၄ ခုနှစ် တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်မှ မဟာသိပ္ပံ ဘွဲ့နှင့် ၁၉၇၉ ခုနှစ်တွင် ပါရဂူဘွဲ့ (Doctorate of Science) ရသည်။ ထိုနောက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုတက္ကသိုလ်နှင့် ကင်ညာနိုင်ငံ နိုင်ရိုဘီ တက္ကသိုလ်တို့တွင် အလုပ်လုပ်သည်။ ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ လုပ်သားကောလိပ်တွင် ကထိက လုပ်သည်။ အသက် ၄၄ နှစ်အထိ ပညာရပ်နယ်ပယ်အတွင်း ပျော်မွေ့နေခဲ့သည့် ပညာရှင်တဦးသာ ဖြစ်ပေသည်။
သို့သော် ပညာကို ဆန့်ကျင်သော အာဏာရှင်ခေတ်သည် ဆရာ့အတွက် မဟုတ်ခဲ့ပေ။ လွတ်လပ်စွာ ဉာဏ်ကွန့်မြူးလိုသော ဆရာတို့လို ပညာရှင်မျိုးကိုလည်း အာဏာရှင်စနစ်က အလိုမရှိခဲ့ပေ။ ဆရာတို့ပျော်မွေ့ခဲ့သော ရန်ကုန်တက္ကသိုလ်သည်ပင် အာဏာသားတို့ လက်ချက်ကြောင့် ပညာဥယျာဉ်ကြီးအဖြစ်မှ ဖုန်းဆိုးတောကြီး ဖြစ်ခဲ့ရလသည်။ သို့ဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့်အတူ ဆရာသည်လည်း နိုင်ငံရေး သမားဘဝသို့ ကူးပြောင်းလိုက်သည်။
ပညာရပ်ဝန်းဖြစ်သော ရန်ကုန်တက္ကသိုလ်က ဖုန်းဆိုးတောပမာ ဖြစ်ခဲ့ရသည့်အချိန်တွင် အာဏာ ရပ်ဝန်းဖြစ်သော မြန်မာ့နိုင်ငံရေးနယ်မြေသည်လည်း လူလူချင်း အမဲလိုက်သည့် တောရိုင်းကန္တာရ တခုပမာ ဖြစ်ခဲ့ရလေသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်လိုက်သော ကိုယ်စားလှယ်များသည် အကျဉ်းထောင်အတွင်းသို့ ၀င်သူဝင်၊ တောလမ်းကိုဖြတ်ကာ တပြည်ရပ်ခြားသို့ ရှောင်ခွါသူ ရှောင်ခွါခဲ့ရသည်။ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရစဉ် အစ်ကိုဖြစ်သူ ဒေါက်တာစိန်ဝင်းသည် မြန်မာပြည်ကို စွန့်ခွါပြီး ပြည်သူ့ဆန္ဒကို သရုပ်ဖော်ခဲ့ရသည်။ ပြည်သူ့ကိုယ်စားလှယ်များနှင့် အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းကာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဒီမိုကရေစီအလံကို ခိုင်ခိုင်မာမာလွှင့်ထူပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် အံတုခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်သော် ဆရာသည် အမျိုးသားညွန့်ပေါင်း အစိုးရကို တရားဝင် ဖျက်သိမ်းလိုက်ပါသည်။ မြန်မာ့နိုင်ငံရေး၏ အပြောင်းအလဲကို ဆရာလက်ခံသည်။ မြန်မာ့ အပြောင်းအလဲတွင် ညီမဖြစ်သူ၏ ခေါင်းဆောင်မှုအခန်းကဏ္ဍက အလွန်အရေးပါသည်ကို သူ လက်ခံသည်။ ဆရာကား မင်းသားကြီး မလုပ်ရသဖြင့် ပတ်မထိုးဖောက်မည့်သူမျိုးမဟုတ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲကို အနိုင်ရကာ အစိုးရဖွဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်သည်။ သို့ဖြင့် ဆရာသည် အိမ်ပြန်ချိန် တန်ပြီဟု ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်သည်။ ညီမဖြစ်သူ၏ စွမ်းရည်ကို သူယုံကြည်သည်။ မြန်မာ့ နိုင်ငံရေးပုစ္ဆာကို ညီမဖြစ်သူက အဖြေထွက်အောင် တွက်နိုင်ပေလိမ့်မည်။ သင်္ချာပညာကို မြတ်နိုး သော သူ့အဖို့ သင်္ချာပုစ္ဆာ များကို တွက်ချက်ခြင်းဖြင့်သာ ဘဝ၏ နိဂုံးပိုင်းကို ဖြတ်သန်းခြင်းသည် ပျော်မွေ့ဖွယ် အကောင်းဆုံးဖြစ်မည် မဟုတ်လော။ အိမ်ပြန်တော့မည်ဟု ဆရာ ဆုံးဖြတ်လိုက် သည်။
ကံကြမ္မာ၏လှောင်ပြောင်မှု ( Irony of Fate ) ဟုသာ ဆိုရမည်လားမသိ။ ပြည်ဝင်ခွင့် ဗီဇာရရှိရန် ၀န်ခံလက်မှတ်ထိုးရမည်တဲ့။ ဘာကြောင့်လဲ။ မည်သည့် ပြစ်မှုကို ဆရာကျူးလွန်ဖူးသလဲ။ ယင်းမှာ ၀န်ခံလက်မှတ်ထိုးခိုင်းသူအနေနှင့် တိတိကျကျ ဖြေဆိုရမည့် မေးခွန်းဖြစ်ပါသည်။
ဒေါက်တာစိန်ဝင်းထံတွင် အပြစ်ရှိသည်ဆိုအံ့။ ယင်းအပြစ်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်ခဲ့သည့် အပြစ်သာ ဖြစ်ပေလိမ့် မည်။ ဒီမိုကရေစီဘက်တော်သားတို့နှင့် ပူးပေါင်းလက်တွဲကာ လူ့အခွင့်အရေးတိုက်ပွဲကို ဆင်နွှဲ ခဲ့သည့် အပြစ်သာ ဖြစ်ပေလိမ့်မည်။ သူ၏ဖခင် ဦးဘဝင်း၊ သူ၏ဦးလေး ဗိုလ်ချုပ်အောင်ဆန်း၊ သူ၏ ညီမ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာ ရှိသော နိုင်ငံ၊ လွတ်လပ် ငြိမ်းချမ်းသောနိုင်ငံ၊ တခုဖြစ်အောင် ဘဝနှင့်ရင်းပြီး ကြိုးပမ်းခဲ့သည့် အပြစ်သာ ဖြစ်ပေလိမ့်မည်။
ငါတို့အိပ်မက် ဟူသော ကဗျာစာအုပ်တွင် ပါရှိသည့် (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ) ကိုကိုကြီး၏ “အိမ်ဝေးရွှေများသို့” ကဗျာ ကို ဖတ်ရလျှင် ဆရာ မျက်ရည်ကျ လိမ့်မည်။
“မြန်မာပြည်ရှိရာ၊ ခေါင်းပြုအိပ်ကြ။
သေသူတွေကို၊ ဂုဏ်ပြုကြ။
ရှင်သူတွေချင်း၊ ယိုင်းပင်းကြ။
အရုဏ်ဦး၊ မီးပုံပွဲ ဆင်နွှဲကြ” တဲ့။
ဆရာကား မြန်မာပြည်ကို ခေါင်းပြုပြီး အိပ်ခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ်နီးပါး ရှိခဲ့ပြီ။ အရုဏ်ဦး မီးပုံပွဲကို ဆင်နွှဲရန် အိမ်ပြန်ချင်ပြီ။ ဆရာ့ကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် မည်သူ ရိုင်းပင်း မည်နည်း။ ။
မောင်သာမည


