
ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် သီရိလင်္ကာလူမှုအသိုက်အဝန်းတွေကို ကူညီဖို့ မြန်မာနိုင်ငံကနေ လှူဒါန်းလိုက်တဲ့ ဆန်တန်ချိန် ၅၀၀ (အိတ် ၁၀,၀၀၀) ရောက်ရှိလာတဲ့အကြောင်း သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က ကိုလံဘိုဆိပ်ကမ်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဆိုပါ လှူဒါန်းမှုကို သီရိလင်္ကာအစိုးရကိုယ်စား ကုန်သွယ်ရေး၊ စီးပွားရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဝါဆန်သာဆာမာရာဆင်ဟဲက လက်ခံရယူခဲ့ကာ စစ်ကောင်စီခန့် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က လွှဲပြောင်းပေးအပ်ခဲ့တာပါ။
ဒါဟာ သီရိလင်္ကာနိုင်ငံ အမျိုးသားစားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေဖို့နဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် အလွန်လိုအပ်နေတဲ့ ကူညီကယ်ဆယ်ရေးတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားသလို သီရိလင်္ကာအစိုးရက မြန်မာနိုင်ငံရဲ့ အချိန်ကိုက် ပံ့ပိုးကူညီမှုအတွက် မြန်မာအစိုးရနဲ့ ပြည်သူတွေကို အထူးပင်ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က နိုင်ငံတဝန်း တိုက်ခတ်ခဲ့တဲ့ ဒီဝါ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ထ်ဝါကြောင့် အနည်းဆုံး လူ ၄၀၀ ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ခရိုင်ပေါင်း ၂၅ ခုမှာ လူဦးရေ ၁ ဒသမ ၄ သန်းကျော် မုန်တိုင်း ဘေးဒဏ်သင့်ခဲ့ရသလို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူ ၂၃၃,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ််ပြန်ထားပါတယ််။


