Home
ဆောင်းပါး
လိမ္မော်-နီ-ပြာ ထိုင်းရွေးကောက်ပွဲ မြန်မာတွေအပေါ် ဘယ်လိုသက်ရောက်မလဲ
DVB
·
February 7, 2026
Design:DVB

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ပါတီကြီး ၃ ပါတီ  အားပြိုင်ပွဲမှာ ဘယ်သူအောင်ပွဲခံနိုင်မလဲ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရေးနဲ့ လူပြိန်းကြိုက်ဝါဒ အကြားက ရွေးချယ်မှုနဲ့ မြန်မာရွှေ့ပြောင်းတွေအတွက် ဘာတွေ သက်ရောက်လာနိုင်သလဲ ဆိုတာ သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့ မှာ မဲပေးပိုင်ခွင့်ရှိသူ ၅၂ ဒသမ ၉ သန်းဟာ ထိုင်းနိုင်ငံ သမိုင်းတလျှောက် ကုန်ကျစရိတ်အများဆုံး ရွေးကောက်ပွဲမှာ  မဲ ၃ မဲစီပေးကြရမှာဖြစ်ပါတယ်။

တစောင်က မိမိဒေသခံ လွှတ်တော်အမတ်ကို ရွေးဖို့ပေးရတာဖြစ်ပြီးနောက် တစောင်က အချိုးကျ ကိုယ်စားပြုစနစ်အရ တင်မြှောက်မဲ့လွှတ်တော်အမတ်တွေအတွက် ပါတီကို ရွေးပေးရမှာပါ။ နောက်ဆုံးတမဲကတော့ ပြည်သူ့ဆန္ဒခံယူပွဲအတွက် ဖြစ်ပြီး အခြေခံဥပဒေသစ် ပြန်ရေးဖို့ သင့်၊ မသင့် ရွေးပေးရတာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ လိမ္မော်-အနီနဲ့ အပြာကို ကိုယ်စားပြုတဲ့ ပါတီကြီး ၃ ပါတီရဲ့  မြင်းသုံးကောင်ပြေးပွဲလို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

ပထမဆုံးကတော့ တိုးတက်ရေးအမြင်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးသမား လူငယ်လူရွယ်တွေ ဦးဆောင်တဲ့ “လိမ္မော်ရောင်” People's Party  ဖြစ်ပါတယ်။ လက်ရှိစစ်တမ်းအားလုံးမှာ သူတို့တွေက  ထောက်ခံမှု အများဆုံးရထားပါတယ်။ 

ဒုတိယကတော့ အိမ်စောင့်အစိုးရဝန်ကြီးချုပ် အနုထင်း ချန်ဝီရာကွန်းရဲ့ "အပြာရောင် ဖုမ်ကျိုင်ထိုင်း  ပါတီ ဖြစ်ပါတယ်။ ဒီပါတီဟာ အမျိုးသားရေးလှိုင်းစီးပြီး စစ်တမ်းအများစုမှာ နံပါတ် ၂ နေရာအထိတက်လာပါတယ်။ 

စစ်တမ်းတွေမှာ တတိယနေရာအထိ ဆင်းသွားတာကတော့ ရှင်နာဝပ် မိသားစုရဲ့ "အနီရောင်" ဖွေထိုင်း (Pheu Thai) ပါတီ ဖြစ်ပါတယ်။ 

အလုပ်သမား၊ ကျောင်းသား၊ နိုင်ငံရေးသမား၊ အကြောင်းအမျိုးမျိုးနဲ့ တိမ်းရှောင်လာရသူ လူကြီး လူငယ်တွေအထိ ထိုင်းရောက်မြန်မာရွှေ့ပြောင်းတွေရဲ့ ကံကြမ္မာဟာလည်း ဒီရွေးကောက်ပွဲ ရလဒ်နဲ့ အတိုင်းအတာတခုအထိ သက်ဆိုင်နေပါတယ်။

ဒီပါတီ ၃ ပါတီရဲ့ မဟာဗျူဟာတွေကို လေ့လာပြီး သူတို့ရဲ့ အနိုင်ရရှိမှု ဒါမှမဟုတ် ညွန့်ပေါင်းဖွဲ့မှုတွေဟာ  မြန်မာရွှေ့ပြောင်းတွေအပေါ် ဘယ်လို ဂယက်ရိုက်လာနိုင်သလဲဆိုတာ လေ့လာသွားမှာဖြစ်ပါတယ်။

အပိုင်း ၁ - ရင့်ကျက်လာတဲ့ “လိမ္မော်ရောင်လှိုင်း”

၂၀၂၃ တုန်းကတော့ အစဉ်အလာအထက်တန်းလွှာတွေရဲ့ ဩဇာအာဏာလှိုင်းကို တွန်းလှန်ဖို့ ရည်ရွယ်တဲ့ လူငယ်တွေ ဦးဆောင်တဲ့ လိမ္မော်ရောင်လှိုင်းလုံးကြီး ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဆိုတဲ့ ကျောက်ဆောင်တွေနဲ့ ရိုက်ခတ်ခဲ့အ ပြီးမှာတော့ ဒီလှိုင်းကို ကိုယ်စားပြုတဲ့  Move Forward ပါတီ ဖျက်သိမ်းခံလိုက်ရပါတယ်။

ပါတီခေါင်းဆောင်တွေ နိုင်ငံရေးလုပ်ခွင့်ပိတ်ခံခဲ့ရပြီး ပါတီဖျက်ခဲ့ရပေမဲ့ People’s Party ဆိုတဲ့ နာမည်နဲ့ ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ အခုအခါမှာတော့ ဒီပါတီကို အသက် ၃၈ နှစ်အရွယ် အိုင်တီပညာရှင် နာ့ဿ်ဖုန်း ရိန်ပညာဝုဒ် က ဦးဆောင်နေပါတယ်။

ဒါပေမဲ့ ခံစားချက်တွေက မတူတော့ပါဘူး။  "ဒီမိုကရေစီလိုလားသူ" နဲ့ "စစ်တပ်လိုလားသူ" ဆိုတဲ့ ပြင်းထန်တဲ့ ဝါဒရေးရာ ကွဲပြားမှုတွေ လျော့ပါးသွားပြီလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒုခေါင်းဆောင်  ဆီရီကန်ညာ တန်ဆခွန်းကတော့ ပါတီဟာ "ပိုမိုရင့်ကျက်တဲ့" အဆင့်ကို ရောက်လာပြီလို့ ဆိုပါတယ်။

သူတို့တွေဟာ လမ်းမတွေထက်က တက်ကြွလှုပ်ရှားသူတွေ ဆိုတာထက်ပိုတဲ့ တကယ် အုပ်ချုပ် စီမံနိုင်စွမ်းရှိကြောင်း သက်သေပြဖို့ ပြင်ဆင်ထားကြပါတယ်။

People’s Party ရဲ့  " 3 Thai”  မျှော်မှန်းချက်ဆိုတာ ပွင့်လင်းမြင်သာမှု(Transparency)၊ တန်းတူညီမျှမှု (Equality)နဲ့ ခေတ်မီအုပ်ချုပ်ရေး (Modern Governance) ဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခု ကိုဆိုလိုပါတယ်။

အရေးကြီးဆုံးအချက်ကတော့ အရင်က ပါတီဖျက်သိမ်းခံရတဲ့အထိ ဖြစ်စေခဲ့တဲ့ တော်ဝင်မိသားစုကို စော်ကားပုဒ်ခတ်မှုနဲ့ ဆိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၁၂  ပြင်ဆင်ရေး၊ စစ်တပ်ပြုပြင်ပြောင်းလဲရေးတို့နဲ့ ပတ်သက်တဲ့ ရပ်တည်ချက် ပျော့ပြောင်းလာတာ ဖြစ်ပါတယ်။

ဒါဟာ အပြောင်းအလဲကိုလိုလားပေမဲ့ မတည်မငြိမ်ဖြစ်မှာကို  စိုးရိမ်တဲ့ ရှေးရိုးစွဲ မဲဆန္ဒရှင်တွေကိုပါ ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းမှုတခု ဖြစ်ပါတယ်။

People’s Party အတွက် အဓိက စိန်ခေါ်မှုကတော့ တောင်ပြိုကမ်းပြိုအနိုင်ရဖို့ပါ။ People’s Party ဟာ ဒီရွေးကောက်ပွဲမှာ မဲအများဆုံး၊ အမတ်အများဆုံးရနိင်ခြေရှိပါတယ်။ ဒါပေမဲ့  တပါတီတည်းအစိုးရဖွဲ့ဖို့လိုအပ်တဲ့   စုစုပေါင်း အမတ် ၅၀၀ ရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ အမတ် ၂၅၁ ယောက်အထိ နိုင်ဖို့ကတော့ ခဲယဉ်းနေဆဲဖြစ်ပါတယ်။

အပိုင်း ၂ - ကမ္ဘောဒီးယားဂယက်နဲ့ ရှေ့တန်းရောက်လာတဲ့ အပြာရောင်

ပြည်သူ့ပါတီက အနာဂတ်ကို မျှော်ကြည့်နေချိန်မှာ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနုထင်း ချန်ဝီရာကွန်းကတော့  ပစ္စုပ္ပန်ရဲ့ အကြောက်တရားတွေမှာ ရင်းနှီးမြှုပ်နှံရင်း အကျိုးဖြစ်ထွန်းနေ ပါတယ်။

အနုထင်းဟာ ၂၀၂၅ စက်တင်ဘာလမှာ ဝန်ကြီးချုပ် ဖြစ်လာပြီးကတည်းက အမျိုးသားရေးလှိုင်းစီးပြီးတော့ ဖုန်ကျိုင်ထိုင်းပါတီကို ဒေသဆိုင်ရာ အာဏာပွဲစားအဆင့်ကနေ နိုင်ငံလုံးဆိုင်ရာ ယှဉ်ပြိုင်သူအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။

ဒီအခြေအနေကို တွန်းအားပေးလိုက်တာကတော့ ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခပါပဲ။

၂၀၂၅၊ ဇူလိုင်နဲ့ ဒီဇင်ဘာလ ကမ္ဘောဒီးယားနဲ့ စစ်ရေးတင်းမားမှု၊ အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းမှာ အနုထင်းဟာ အားကောင်းတင်းမာတဲ့ ခေါင်းဆောင်"Strongman" ပုံစံနဲ့ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်နိုင်ခဲ့ပါတယ်။ 

“တခြားပါတီတွေ ဘာပြောလဲကျုပ်ဂရုမစိုက်ဘူး။ ကျုပ်တို့ကတော့ ချဖို့အသင့်ပဲ၊ ရော့ကတ်တစင်းလွှတ်ရင် အစင်း ၁၀၀ ပြန်လွှတ်ပစ်မယ်”လို့ အနုထင်းက မကြာသေးမီက မဲဆွယ်ပွဲတခုမှာ ပြောခဲ့ပါတယ်။ ကမ္ဘာဒီးယားသက်ရောက်မှုကြောင့် ထိုင်းတွေရဲ့ မျိုးချစ်စိတ် လှုံ့ဆော်နိုင်ပြီးတော့  စီးပွားရေးကျဆင်းနေမှုကနေ အာရုံလွှဲနိုင်ခဲ့ပါတယ်။

ဖုမ်ကျိုင်ထိုင်းပါတီဟာ  မူတွေ၊ ဝါဒတွေ အဓိကထားပြောမနေဘဲ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ ပါတီအဖြစ်ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့အမျိုးသားရေးခံစားချက် တခုကိုတည်း အသုံးချရုံနဲ့ ဒီနေ့ ဒီအခြေအနေ ရောက်လာတာတော့ မဟုတ်ပါဘူး။ ခိုင်မာတဲ့ အင်အားကိုလည်း စနစ်တကျတည်ဆောက်ထားတာ ဖြစ်ပါတယ်။

အဓိကကျတဲ့ အီဆန်လို့ ခေါ်တဲ့ အရှေ့မြောက်ဒေသမှာ ဖုမ်ကျိုင်ထိုင်းပါတီဟာ "အိမ်ကြီးရှင်" (Big House) မဟာဗျူဟာကို အသုံးချနေပါတယ်။ ဒေသခံ သြဇာကြီး မိသားစုတွေကို စည်းရုံးပြီး ကျေးရွာအလိုက် မဲတွေရဖို့ အာဏာပါဝါ ကွန်ရက်တွေ  အသုံးချတာကို ဆိုလိုတာဖြစ်ပါတယ်။ 

အနုထင်းကျင့်သုံးတာက "လက်တွေ့ပဓာန လူထုမျှော်ဝါဒ(pragmatic populism) ဖြစ်ပါတယ်။  အခြေခံကျတဲ့ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးတွေဘာတွေ ဆိုတာထက်  လူမှုဖူလုံရေး စီမံကိန်းတွေနဲ့ ချိတ်ဆက်ထားတဲ့ တိုက်ရိုက် ငွေသားထောက်ပံ့မှု ("Thailand Plus" စီမံကိန်း) တွေ၊ ကြွေးမြီ လျှော့ပေါ့ရေးတွေလို အစီအစဉ်တွေကို ဦးစားပေးထားပါတယ်။

အပိုင်း ၃  - ယိမ်းယိုင်လာတဲ့ သက်ဆင်ရဲ့ “အနီရောင်” ခံတပ်

နောက်တပါတီကတော့ ရာစုနှစ်ရဲ့ လေးပုံ တစ်ပုံလောက် ထိုင်းနိုင်ငံရေးကို လွှမ်းမိုးခဲ့တဲ့၊ ၂၀၂၃ မတိုင်ခင်အထိ လွတ်လပ်တဲ့ ရွေးကောက်ပွဲတိုင်းမှာနိုင်ခဲ့တဲ့  သက်ဆင်ရဲ့ ဖွေထိုင်း (Pheu Thai) ပါတီ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဖွေထိုင်းပါတီဟာ စစ်တမ်းတွေမှာ  တတိယနေရာ အထိ ထိုးဆင်းသွားပါတယ်။ သူတို့ရဲ့ "ဒီဂျစ်တယ် ပိုက်ဆံအိတ်" (Digital Wallet) စီမံကိန်း မအောင်မြင်တာ၊ ထိုင်း-ကမ္ဘောဒီးယားအရေးမှာ သက်ဆင်-ဟွန်ဆန်မိသားစု ပတ်သက်မှုတွေကြောင့်  ဝန်ကြီးချုပ်ဖဲထောင်ထန်းရှင်နာဝပ်နုတ်ထွက်ပေးခဲ့ရတာတွေဟာ ပါတီ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။

၂၀၂၃ ရွေးကောက်ပွဲအလွန် စစ်တပ်လိုလားတဲ့ အုပ်စုတွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တာကလည်း သူတို့ရဲ့ "ဒီမိုကရေစီလိုလားသူ" ဆိုတဲ့ အစဉ်အလာကို မှေးမှိန်စေခဲ့ပါတယ်။ 

ဖွေထိုင်းပါတီကို ပြန်လည်ပြုပြင်ပြောင်းလဲမဲ့ အစီအစဉ်အရ ပါတီဝန်ကြီးချုပ်လောင်းနေရာမှာ ရှင်နာဝပ်မိသားစုဝင်တွေ မရွေးတော့ပါဘူးလို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီး၊ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ခ်ရဲ့ တူမ၊ ဝန်ကြီးချုပ်ဘဝက ပြုတ်သွားတဲ့ ဖဲထောင်ထန်းက ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ သက်ဆင့်ယောက်ဖ ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင်း ဝုန်ဆာဝပ်ရဲ့သား၊ သက်ဆင်ရဲ့တူ  ရော့ချနန် ဝုန်ဆာဝပ်ကို ဝန်ကြီးချုပ်လောင်းနေရာလျာထားပြီး ဝင်ပြိုင်တာဖြစ်ပါတယ်။ မျိုးရိုးနာမည်မှာ ရှင်နာဝပ် မပါတာကလွဲရင် သက်ဆင်မိသားစုဝင်ထဲကပါပဲ။

လူငယ်မဲဆန္ဒရှင် အများစုအတွက်တော့ ရှင်နာဝပ်နာမည်ဟာ သမိုင်းဖြစ်နေပါပြီ၊ အနာဂတ် မဟုတ်တော့ပါဘူး။

ဒါပေမဲ့ ထုံးစံအတိုင်း အလုပ်သမားလူတန်းစားရဲ့ မဲကို ယူနိုင်ဖို့  ဖွေထိုင်းက “ထီ”ဖွင့်ပေးမယ်ဆိုတဲ့ အများကြိုက်မက်လုံးနဲ့ မဲဆွယ်ထားပါတယ်။ 

အခွန်ထမ်းပြည်သူတွေရဲ့ ငွေ၊ နိုင်ငံ့ဘဏ္ဍာသုံးပြီးတော့ တနေ့ကို ထိုင်းနိုင်ငံသား ၉ ယောက်၊ တယောက် ဘတ် ၁ သန်း စီ နေ့တိုင်းမဲဖောက်ပေးမယ်ဆိုတဲ့ အစီအစဉ်ဟာ ကမ္ဘာမှာကို မကြုံစဖူး မဲဆွယ်မှုကြီးဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရေးမုန်တိုင်းထဲက မြေစာပင်များ

ဒီရွေးကောက်ပွဲဂယက်ဟာ ထိုင်းမှာ ယာယီခိုလှုံနေရတဲ့ မြန်မာတွေအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ ဆက်လေ့လာကြည့်ရအောင်ပါ။

ဒုက္ခသည်တွေ၊ အလုပ်သမားတွေ၊ နိုင်ငံရေးအရ ခိုလှုံနေရသူတွေ အပါအဝင် ထိုင်းမှာ မြန်မာရွှေ့ပြောင်း ၄ သန်းက ၆ သန်းလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ သူတို့တွေအတွက်တော့  ဒီ "ပြိုင်မြင်းသုံးကောင်" ပြေးတဲ့ ပွဲဟာ မတူညီတဲ့ မရေရာမှု တွေကို ကိုးစားပြုနေပါတယ်။

၁။ ဖုမ်ကျိုင်ထိုင်းနဲ့ လူမျိုးရေးစိုးရိမ်မှု 

ကမ္ဘာဒီးယားဂယက်နဲ့ အနုထင်း အောင်မြင်နေတာဟာ မြန်မာရွှေ့ပြောင်းတွေအတွက် အန္တရာယ်အကြီးဆုံး ဖြစ်ထွန်းမှုလို့ဆိုနိုင်ပါတယ်။ အမျိုးသားရေးဝါဒက မဲရစေတယ် ဆိုတာကို သူက သက်သေပြလိုက်ပါပြီ။

“အချုပ်အခြာအာဏာကာကွယ်ရေး”ဆိုတဲ့ လုပ်ပိုင်ခွင့်ကို ကမ္ဘောဒီးယားအပေါ် အသုံးချခဲ့သလိုမျိုး နိုင်ငံအနောက်ဘက်မြန်မာနယ်စပ်မှာလည်း သုံးမလာဘူးလို့ မပြောနိုင်ပါဘူး။

"တရားမဝင်လုပ်သား"တွေကို တားဆီးဖို့ နယ်စပ်တံတိုင်းတွေ တည်ဆောက်မယ်လို့ သူ့ရဲ့ မူဝါဒလမ်းစဉ်မှာ အတိအလင်း ကတိပြုထားပါတယ်။ ထိုင်းနိုင်ငံမှာ "အလုပ်သမား မရှားပါဘူး" လို့ လည်း အနုထင်းက ပြောဖူးပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဆိုတာ အစားထိုးလဲလှယ်လို့ရတဲ့ စီးပွားရေး ယူနစ်တွေလို့ ရှုမြင်တာဖြစ်ပါတယ်။ အနောက်တိုင်းသားလူဖြူတွေကို တောင် ညစ်ပတ်တဲ့ ဖာရန်းတွေကြောင့် ကိုဗစ်ကူးတာလို့ ကျန်းမာရေးဝန်ကြီးဘဝက ပြောခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဖုမ်ကျိုင်ထိုင်း ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအောက်မှာကြားခံ "Buffer Zone" တွေ ပိုတင်းကျပ်လာမှာ စိုးရိမ်ရပါတယ်။ လက်ရှိ အနုထင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က မြန်မာပြည်က အတုအယောင်ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးရဲ့ အစလို့ ပြောထားတာ ကြည့်ရင်  နိုင်ငံရေးအရလည်း စိုးရိမ်စရာကောင်းတယ်လို့ ပြောလို့ရပါတယ်။

အနုထင်းလက်ထက်မှာ  လူမျိုးရေးတင်းမာမှုတွေ များလားတာ၊ အမျိုးသားရေးသမားတွေ ခေါင်းထောင်လာတာကိုကြည့်ရင် ဖုမ်ကျိုင်ထိုင်း အစိုးရပြန်တက်လာမှာက အစိုးရိမ်ရဆုံး အခြေအနေလို့ သုံးသပ်နိုင်ပါတယ်။

၂။  People’s Party နဲ့ ပွင့်လင်းမြင်သာမှု အကျိုးဆက်

People’s Party ဟာ သီအိုရီအရတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်ပေမဲ့  သူတို့တွေ ရင့်ကျက်လာတဲ့နောက်ကွယ်မှာ စိုးရိမ်စရာတွေရှိနေပါတယ်။

သူတို့ရဲ့ "3  Thai" မျှော်မှန်းချက်ထဲက "ပွင့်လင်းမြင်သာမှု" အတွက် "မီးခိုးရောင်စီးပွားရေး” ကို ရှင်းလင်းဖို့ အာရုံစိုက်ထားပါတယ်။

အဲဒီ မီးခိုးရောင် စီးပွားရေးမှာ ရှင်သန်နေရသူတွေရှိနေပါတယ်။  တရားမဝင် အလုပ်တွေ၊ စားပွဲအောက်က ပေးကမ်းမှုတွေနဲ့ ရဲကို လာဘ်ထိုးရတာတွေ မရှိတော့ရင် ကောင်းတယ်လို့ ယေဘုယျပြောနိုင်ပါတယ်။ ဥပဒေနဲ့ အညီ နေထိုင်၊ လုပ်ကိုင်ခွင့်ရလာမယ်၊ သက်ဆိုင်ရာ အခွင့်အရေးတွေ ရလာမယ်ဆိုရင်တော့ ဝမ်းသာစရာပါ။

ဒါပေမဲ့ ဒီလိုဆိုရင် ဥပဒေအရလုပ်ခွင့်မရှိတဲ့ အလုပ်တွေ လုပ်နေကြသူတွေ၊ Nominee လို့ ခေါ်တဲ့ သူဌေးငှားပြီး စီးပွားရေးလုပ်နေသူတွေ စသဖြင့် မီးခိုးရောင်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သူတွေ အခက်ကြုံလားမလား ဆိုတာ ထည့်စဉ်းစားရပါလိမ့်မယ်။

စနစ်တကျမှတ်တမ်းတင်မယ်၊ ကြပ်မတ်မယ်၊ အဂတိလိုက်စားမှု နှိမ်နင်းမယ်ဆိုရင် “ဆွမ်းခံရင်းငှက်သင့်ဆိုသလို” ဘေးထွက်သက်ရောက်လာနိုင်မဲ့ အကျိုးဆက်တွေကိုတော့ ပူပန်စရာရှိပါတယ်။ 

ဒါပေမဲ့ ဧည့်သည်အဖြစ် တရားဝင်နေထိုင်ပြီးတော့  အေးအေးချမ်းချမ်း အလုပ်လုပ်ချင်သူတွေ၊ ပညာသင်ချင်သူတွေ၊ ခိုလှုံချင်သူတွေအတွက်တော့ People’s Party အစိုးရဖြစ်တာဟာ အကောင်းဆုံးအခြေအနေဖြစ်နိုင်ပါတယ်။ 

၃။ ဖွေထိုင်းပါတီ နဲ့ ပိုနေမြဲကျားနေမြဲအခြေအနေ

ဖွေထိုင်းပါတီကကတော့ စီးပွားရေးတိုးတက်လာအောင်လုပ်နိုင်တယ်ဆိုတာကို အဓိက သက်သေပြချင်နေပါတယ်။  စီးပွားရေး ပြန်လည်နာလန်ထူဖို့ ဈေးသက်သာတဲ့ လုပ်သားတွေ လိုအပ်ပါတယ်။

တဖက်မှာ စိုးရိမ်ရတာက အနုထင်းရဲ့ "လုံခြုံရေး" လေလုံးမိုးလုံးတွေကို တန်ပြန်ဖို့အတွက် ဖွေထိုင်းက "မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ” ကို ပြန်အသက်သွင်းလာနိုင်တဲ့ကိစ္စပါ။ ထိုင်းမှာ ‘ဝ’နီလို့ ခေါ်တဲ့ ‘ဝ’ တပ်ဖွဲ့နဲ့ နယ်စပ် ပြည်သူ့စစ်တွေကို ပစ်မှတ်ထားလာနိုင်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြီးခဲ့တဲ့နှစ်မေလတုန်းက မူးယစ်ဆေးဝါးဘုတ်အဖွဲ့ရုံးမှာ မိန့်ခွန်းပြောခဲ့ရာမှာ  တိုင်းရင်းသားအရေး ကိစ္စတွေကြောင့် မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါး ပြဿနာကို မကိုင်တွယ်နိုင်ဘူးဆိုရင် ထိုင်းဘက်ကပဲ ကိုယ်တိုင် ဝင်ရောက် ရှင်းလင်းရလိမ့်မယ်လို့ သတိပေးခဲ့ဖူးပါတယ်။

ဒါကြောင့် ဖွေထိုင်းပြန်တက်လာရင် ဟန်ရေးပြလုပ်တာပဲဖြစ်ဖြစ် မူးယစ်နှိမ်နင်းရေးစစ်ပွဲ ဆိုတာမျိုးဖြစ်လာရင် တိုင်းရင်းသားနဲ့ နယ်စပ်အရေးမှာ ကြားညပ်နိုင်တဲ့ အန္တရာယ်တော့ ရှိနေပါတယ်။ 

အရင်လည်း သက်ဆင်ခေတ်တွေ ကြုံခဲ့ပြီးပြီမို့ သက်ဆက်လက်ထက် မြန်မာရွှေ့ပြောင်းတွေ အခြေအနေမျိုးကို မှန်းကြည့်လို့ရပါတယ်။

သူတို့တွေကတော့ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး တံခါးဖွင့်လိုက်၊ ပိတ်လိုက် လုပ်တဲ့ “ဆုံလည်တံခါး” ဝါဒမျိုးကျင့်သုံးဖို့ ရှိနေပါတယ်။ လိုအပ်တဲ့အချိန်မှာ အလုပ်သမားတွေကို ဝင်ခွင့်ပေးမယ်၊ ဒါပေမဲ့ အခွင့်အရေးတွေ၊ တရားဝင်ဖြစ်မှုတွေ အများကြီး မျှော်လင့်လို့တော့မရပါဘူး။ ဖွေထိုင်းလက်ထက်မှာ အကောင်းဆုံးမျှော်လင့်နိုင်တာကတော့ ပိုနေမြဲကျားနေမြဲ ဆက်နေခွင့်ရဖို့ ပဲဖြစ်ပါတယ်။

အဓိက ပါတီကြီးတွေထဲမှာ ဘယ်ပါတီကမှ လူသားချင်းစာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး မူဝါဒနဲ့ မဲဆွယ်တာ မရှိပါဘူး။ 

သမိုင်းဘီး ပြန်လည်မလား၊ စနစ်ဟောင်းကို ဖြိုဖျက်မလား

စစ်တမ်းတွေအတိုင်းသာမှန်ရင်တော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲအပြီးမှာ ဘယ်ပါတီကမှ တပါတီတည်းအမတ်နေရာ ၂၅၀ ကျော်ရဖို့ မလွယ်တဲ့အတွက်  ညွန့်ပေါင်းဖွဲ့ရဖို့များနေပါတယ်။

People’s Party ဟာ ၂၀၂၃ တုန်းကလိုပဲ မဲအများဆုံးရပြီး အတိုက်အခံဘဝ ထပ်ရောက်နိုင်ခြေများနေတယ်လို့ ထိုင်းရွေးကောက်ပွဲလေ့လာသူအများစုက ခန့်မှန်းထားပါတယ်။ ပုဒ်မ ၁၁၂ ပြင်ဖို့ အဆိုပြုချက်လက်မှတ်ထိုးရာမှာ ပါခဲ့တဲ့ People’s Party က အမတ် ၄၄ ယောက် အတိုင်ခံထားရတဲ့ အမှုက မစစ်ဆေးရသေးပါဘူး။ ဒါကြောင့် ပညာရှင်အချို့ကတော့ People’s Party ဦးဆောင်တဲ့ အစိုးရ တက်ရင်တောင် ကြာကြာမခံနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။

နောက်ဆုံးမှာတော့ ဖွေထိုင်းနဲ့ဖုမ်ကျန်ထိုင်း ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ပြန်တက်လာပြီး ဒုံရင်းပြန်ရောက်မယ်လို့ မှန်းကြပါတယ်။ 

တိုးတက်ရေးဝါဒီတွေကို ကန်ထုတ်ပြီးတော့၊ အမျိုးသားရေးဝါဒီတွေ၊ ရှေးရိုးစွဲဝါဒီတွေ၊  လူထုမျှော် လူပြိန်းကြိုက် (populist) တွေ ပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေများနေပါတယ်။  ထိပ်ဆုံးက လိမ္မော်ရောင်ကို ပထုတ်ပြီးတော့ အပြာ-အနီ မဟာမိတ် ပြန်ဖြစ်မဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ဝါဒရေးရာထက် အပေးအယူနဲ့ အာဏာရရေးကို ဦးစားပေးတဲ့ ထိုင်းနိုင်ငံရေးမှာ “တအိပ်ရာထဲ အိပ်တဲ့သူစိမ်းတွေ” လို့ တင်စားကြတဲ့ ဝါဒမတူတဲ့ ပါတီမတူတဲ့သူတွေဟာ ဘုံရည်မှန်းချက်ဖြစ်တဲ့ အာဏာရရေးအတွက် ပေါင်းစည်းကြလေသတည်းဆိုတဲ့ ဓာတ်ပြားဟောင်းကြီး ပြန်နားထောင်ရနိုင်ခြေ ရှိနေပါတယ်။

ဒီလိုမဖြစ်ဖို့ဆိုရင်တော့ Move Forward ပါတီခေါင်းဆောင်ဟောင်း ဖိထားပြောသလို People’s Party က တောင်ပြိုကမ်းပြို၊ အပြတ်အသတ်အနိုင်ရဖို့လိုအပ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းပြည်သူတွေက သူတို့ရဲ့ အနာဂတ်အတွက် မဲပေးကြပါလိမ့်မယ်။ 

ကျနော်တို့တွေကတော့ ကျနော်တို့  အနာဂတ်အတွက် ဆက်ရှင်သန်ရပါလိမ့်မယ်။ ကျနော်တို့မှာ ရွေးချယ်စရာမရှိပါဘူး။ နိုင်ငံသားအများစုအတွက် ကျပ်တည်းကျဉ်းမြောင်း၊ အနာဂတ်ပျောက်နေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ရွေးချယ်စရာမရှိခဲ့ပါဘူး။ ဒီလိုပါပဲ ထိုင်းရောက်မြန်မာတွေအတွက်လည်း ရွေးချယ်ပိုင်ခွင့် ရှိမနေပါဘူး။ ကျနော်တို့ အဆင်ပြေအောင်နေကြဖို့ပဲရှိပါတယ်။ အချင်းချင်း ခေါင်းပုံဖြတ်မဲ့အစား ဖေးမကူညီကြမယ်။ သည်းခံကြရမယ်။

သိမ်ငယ်စရာတော့မရှိပါဘူး။ ကျနာ်တို့ပြည်သူတွေအမှားကြောင့် ဒီလိုတွေ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ အချိန်တန်ရင် အိမ်ပြန်ကြရမဲ့ ဧည့်သည်တွေလို့ မှတ်ယူပြီးတော့ တရားမျှတ၊ လွတ်လပ်၊ သာယာဝပြောတဲ့ နိုင်ငံသစ်ကို ပြန်ထူထောင်မယ်ဆိုတဲ့ အိပ်မက်ကို နှလုံးသွင်းပြီး ဆက်ရှင်သန်သွားကြဖို့ပဲရှိပါတယ်ခင်ဗျာ။ 

စိုင်းခေတ်နွေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013