
ထိုင်းအရှေ့ပိုင်း၊ ပရာကျင်းပူးရီးခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသား ၈ ယောက်တို့ကို လက်ကိုင်ဖုံး ၂၈၃ လုံးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဝေးပြေးလမ်းတာဝန်ကျရဲတွေဟာ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ပရကျင်းပူးရီးခရိုင် ဆီရိမဟာဖိုးထိမြို့နယ် ကလောက်ဆုမ်ဘွန်းအုပ်စုအပိုင်းရှိ အမှတ် ၃၅၉ အဝေးပြေး လမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် အဖြူရောင်တိုယိုတာအိမ်စီးကားတစီး ဝင်ရောက်လာကာ တာယာပြားလောက်တဲ့အထိ အလေးချိန်ပိုတင်ဆောင်ထားပြီး ကားပြတင်းမှန်ကိုလည်း ဖလင် အမည်းတပ်ထားလို့ တာဝန်ရှိသူတွေက ရပ်တန့်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ကားတံခါးဖွင့်လိုက်ရာမှာတော့ အထဲမှာ လူတွေပြွတ်သိပ်လိုက်ပါလာတယ်၊ ယာဉ်မောင်းအပါအဝင် စုစုပေါင်း ၉ ယောက်ဖြစ်တယ်၊ ယာဉ်မောင်းကတော့ အသက် ၃၇ နှစ်ရွယ် ထိုင်းနိုင်ငံသား နိုင်းချွန်းလ်ထစ် ဖြစ်ပြီး ကျန် ၈ ယောက်က တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်၊ ဗီဇာသက်တမ်းကုန် တရုတ်အမျိုးသမီး တယောက်နဲ့ ဗီဇာတုံးထုမထားတဲ့ ပတ်စပို့ကိုင်ဆောင်သူ မြန်မာအမျိုးသား တယောက်ကလွဲလို့ ကျန်သူတွေ ဘာသက်သေအထောက်အထားမရှိဘူးလို့ ဆိုပါတယ်။
ကားထဲပါလာတဲ့ ခရီးဆောင်အိတ် ၉ လုံးကို စစ်ဆေးရာမှာတော့ လက်ကိုင်ဖုံး ၂၈၃ လုံး၊ နုတ်ဘွတ်ခ် ကွန်ပျူတာနဲ့ ကြိုးပေါင်း ၁၁၈ ချောင်းအပါအဝင် တခြားအီလက်ထရောနစ်ပစ္စည်းတွေပါ တွေ့ရှိပါတယ်။
ကားသမားကို စစ်ဆေးမေးမြန်းရာမှာ သူက အဆိုပါခရီးသည် ၈ ယောက်ကို ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင် ဝပ်ထနားနခွန်းမြို့နယ်မှ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ထန်ယပူရီမြို့ရှိ ဟိုတယ်တလုံးကို ပို့ဆောင်ပေးဖို့ အခကြေးငွေ ဘတ် ၁၀,၀၀၀ နဲ့ ပွဲစားက ဆက်သွယ်လာတာကြောင့် တင်ဆောင်လာခဲ့တာလို့ ထွက်ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို ဟိုတယ်ထိ ခေါ်ဆောင်လာပြီး ဟိုတယ်မှာ ချိန်းဆိုထားသူမှာ မြန်မာနိုင်ငံသား ၅ ယောက် ဖြစ်တယ်၊ သူတို့ ၅ ယောက်လုံးမှာလည်း မှတ်ပုံတင်အထောက်အထား တစုံတရာမရှိတာကြောင့် အားလုံးကို ပရဒူနမ့်ကျူလာလောင်ကွန်းနယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူသွားမယ်လို့ ထိုင်းရဲက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လက်ကိုင်ဖုန်းတွေနဲ့ အီလက်ထရောနစ်ပစ္စည်းတွေဟာလည်း ကျားဖြန့်ဂိုဏ်းလို့ ယူဆရတဲ့အတွက် ဆက်လက်စစ်ဆေး အရေးယူသွားမယ်လို့ တာဝန်ရှိရဲတပ်ဖွဲ့က သတင်းထောက်တွေ ကို ပြောသွားပါတယ်။
Source: Khaosod


