Home
နိုင်ငံတကာ
ထိုင်းတွင် Tik Tok  အတုသုံးပြီး ဘတ် ၂၅ သန်းကျော် လိမ်လည်သည့်ဂိုဏ်း ဖမ်းမိ 
DVB
·
February 13, 2026
Photo: โจโฉ Facebook

ထိုင်းနိုင်ငံမှာ Tik Tok အပလီကေးရှင်းကို တုပပြီး ရင်းနှီးမြှုပ်နှံငွေတွေ လိမ်လည်ယူနေတဲ့ ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီးရမိပြီလို့ ထိုင်းနိုင်ငံ ဗဟိုရဲတပ်ဖွဲ့ (CIB) နဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ဆိုက်ဘာရဲတပ်ဖွဲ့တို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင်ရှေ့က TikTokshop လို့ အမည်ပေးထားတဲ့ အွန်လိုင်းကုန်ပစ္စည်း‌‌ရောင်းဝယ်ရေး ကိုယ်စားလှယ်ဆိုသူတွေဟာ LINE/FB စတဲ့ အွန်လိုင်းပလက်ဖောင်းကနေ သားကောင်တွေ လိုက်ရှာပါတယ်။ ခင်မင်ရင်းနှီးအောင် မိတ်ဆွေဖွဲ့ပြီး TikTokshop အရောင်းကိုယ်စားလှယ် အဖွဲ့ဝင်ထဲပါဖို့ စည်းရုံးတယ်၊ အဖွဲ့ထဲပါသူတွေဟာ ကုန်ပစ္စည်းတွေ ကိုယ်တိုင်ထုပ်ပိုးဖို့မလို၊ ရောင်းချဖို့မလိုဘဲ ရင်းနှီးမြှုပ်နှံငွေ အစုရှယ်ယာထဲ ပါဝင်ရုံနဲ့ အချိုးကျ အမြတ်ငွေရမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင်တွေဟာ TikTokshop အပလီကေးရှင်းကို ဖွင့်ရပြီး အဲဒီထဲမှာ နေ့စဉ်ရောင်းရငွေ အမြတ်အစွန်း ရှယ်ယာငွေ စသဖြင့် ပြသတယ်၊ ဒါပေမဲ့ စာရင်းသာရှိပြီး အမြတ်ငွေ ထုတ်ယူလို့ မရဘူး၊ ငွေထုတ်ပုံမမှန်ကန်လို့ အကောင့်အပိတ်ခံထားရတယ်၊ ပြန်ဖွင့်ဖို့ ငွေသွင်းရမယ်လို့ ပြောပြန်တယ်၊ တချို့မှာ ဘတ် ၂ သိန်းကျော်ကုန်တဲ့အထိ အကြိမ်ပေါင်း ၁၁ ကြိမ် ပြန်လွှဲပေးရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို မကျေနပ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့မှာ တိုင်ကြားထားသူပေါင်း ၈၈ ယောက်ရှိပြီး နစ်နာဆုံးရှုံးငွေ စုစုပေါင်း ဘတ် ၂၅,၃၅၄,၂၂၆ (၂၅ သန်းကျော်) တယ်လို့  CIB ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ကဆီဒစ် ဒီလုတ်ခုနာနန်က ပြောပါတယ်။

တာဝန်ရှိသူတွေဟာ The Transporter Operation စီမံချက်နဲ့ စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ ပထုန်ဌာနီ၊ ဗိစနုလုတ်၊ ကမ်ဖိုင်ဖစ်နဲ့ တာ့ခ် စတဲ့ ခရိုင် ၅ ခုရှိ နယ်မြေ ၉ ခုမှာ အခြေပြု လှုပ်ရှားနေတဲ့ အဓိကတရားခံ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီသူတွေမှာ ဝင်‌ငွေအားလုံးစီမံသူ နိုင်းလျူ (၄၉ နှစ်) တရုတ်နိုင်ငံသား၊ နေရာရှာဖွေသူနဲ့ ငွေမည်းခဝါချပေးသူ ထိုင်းအမျိုးသား နိုင်းဝီရထိပ် (၅၁ နှစ်)၊ ငွေမည်းခဝါချပြီး အထွေထွေ ကူညီဆောင်ရွက်သူ  ထိုင်းအမျိုးသမီး  နန်းဆောင်ဆုဖားနီး (၅၅ နှစ်) နဲ့ နန်းဆောင် ထန်ယာရတ် (၄၉ နှစ်) တို့ဖြစ်ပြီး နောက်ထပ် အမည်ခံ ဘဏ်ငွေစာရင်းဖွင့်သူတွေလည်း စုံစမ်းနေတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၄ ယောက် ပိုင်ဆိုင်တဲ့ ငွေသား ဘတ် ၄ သိန်းကျော်၊ ဘတ် ၃၄ သန်းတန်ဖိုးရှိ အိမ်နဲ့ ခြံမြေ ၂၈ ကွက်၊ ဘတ်သန်းပေါင်း ၂၂ သန်း တန်ဖိုးရှိ မော်တော်ကား ၁၃ စီး၊ ဘတ် ၁၀ သန်းတန်ဖိုးရှိ မြေတူးစက် ၃၁ စီး၊ ဘတ် ၁ သန်းတန်ဖိုးရှိ ဝန်ချီစက် ၁ လုံး၊ ဘဏ်စာရင်းရှိ ငွေ ဘတ် ၁ သန်းကျော် စသဖြင့် စုစုပေါင်းပိုင်ဆိုင်မှု ဘတ် ၁၁၄ သန်းကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အများပြည်သူအပေါ် ပူးပေါင်းလိမ်လည်မှု၊ မဟုတ်မမှန် အချက်အလက်တွေ ဖြန့်ဝေပြီး ကွန်ပြူတာဥပဒေ ချိုးဖောက်မှု၊ ငွေကြေးခဝါချမှု စတဲ့ပြစ်မှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

အများပြည်သူတွေအနေနဲ့ app store ဒါမှမဟုတ် play store ထဲမပါတဲ့ app တွေကို ‌ဒေါင်းလုတ်မဆွဲမိဖို့၊ ငွေလွှဲခိုင်းတိုင်း အလျင်စလို ယုံကြည်ပြီး မလွှဲမိစေဖို့  CIB တာဝန်ရှိသူက သတိပေး ပြောကြားပါတယ်။

Source: Bright TV / MGROnline

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013