
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဆုန်ခလာမြို့ရှိ စာသင်ကျောင်းတကျောင်းမှာ ဖေဖော်ဝါရီ ၁၁ ရက် မနေ့ညနေပိုင်းက အသက် ၁၈ နှစ်အရွယ် လူငယ်တယောက် ကျောင်းခန်းထဲဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းအုပ်ဆရာမကြီး သေဆုံးပြီး ကျောင်းသူ ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါလူငယ်ဟာ မနေ့ ညနေ ၄ နာရီကျော်က ကျောင်းဝင်းထဲဝင်ရောက်ပြီး သေနတ်ဖောက်သလို ကျောင်းအသံချဲ့စက်နားသွားကာ ခူးကျိမ်း ဆိုသူ ဆရာကို ထွက်ခဲ့ဖို့ပြောတယ်၊ စာသင်ခန်းတခုထဲဝင်ပြီး ဆရာနဲ့ ကျောင်းသားတွေကို ဓားစာခံအဖြစ် ဖမ်းထားပါတယ်။
သေနတ်သံကြားတော့ စာသင်ခန်းထဲက ကလေးတွေရော၊ ကစားကွင်းထဲက ကလေးတွေ၊ ကျောင်းလွှတ်ခါနီး မိမိကလေးကို လာကြိုဖို့ စောင့်နေတဲ့ အုပ်ထိန်းသူတွေပါ ကြောက်လန့်တကြား ဖြစ်ပြီး တချို့ကထွက်ပြေး၊ တချို့က ပုန်းခိုစရာလိုက်ရှာနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။
အဲဒီအချိန်မှာ ကျောင်းအုပ်ဆရာမကြီး နန်းဆဆီဖတ် ဆင်စမိုးဆွန်က အသံချဲ့စက်နားသွားကာ ဖမ်းထားတဲ့ ဆရာမနဲ့ ကလေးတွေ ပြန်လွှတ်ပေးပါ၊ သူကိုယ်တိုင် လာညှိနှိုင်းမယ်လို့ ပြောပြီး သေနတ်သမားရှိရာ ရောက်လာတယ်၊ ဒါပေမဲ့ သေနတ်သမားက ချမ်းသာမပေးဘဲ ဆရာမကြီးကို ၂ ချက် ပစ်ထည့်လိုက်တယ်၊ ဆရာမကြီးမှာ ဝဲဘက်ရင်အုံနဲ့ ဝမ်းဗိုက် ထိသွားတယ်၊ နောက်ထပ် ၁၄ နှစ်အရွယ် ကျောင်းသူတယောက်လည်း သေနတ်ထိမှန်ပြီး နောက်တယောက်ကတော့ ကျောင်းပေါ်က ခုန်ချထွက်ပြေးစဉ် ဒဏ်ရာရခဲ့ပါတယ်။
တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးခဲ့တယ်၊ ဆရာမကြီးမှာ အရေးပေါ်ခွဲစိတ်ခန်း ဝင်ခဲ့ရပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက သေနတ်သမားကို လက်နက်ချအဖမ်းခံဖို့ ချော့မော့ညှိနှိုင်းတယ်၊ ဒါပေမဲ့ လက်နက်မချဘဲ ပြန်ခံပစ်တာကြောင့် ရဲတွေကလည်း ပြန်ပစ်ခတ်ပါတယ်။ သေနတ်သမားက ပုန်းရင်းရှောင်ရင်း ပစ်ခတ်ရင်း ည ၆ နာရီခွဲလောက်မှာတော့ နားရွက်နား သေနတ်ထိမှန်တာကြောင့် လက်နက်ချ အဖမ်းခံလိုက်ပါတယ်။
အဆိုပါသေနတ်သမားဟာ အသက်၁၈ နှစ်လောက်သာ ရှိသေးတဲ့ ခမဲနန်ကစ်ဖြစ်ပြီး အဲဒီကျောင်းက ကျောင်းသားဟောင်းတယောက် ဖြစ်တယ်။
ဒီမတိုင်ခင်က ကျောင်းဆရာ ခူးကျိမ်းဆိုသူမှာ သူ့ညီမကို ဒဏ်ပေးတာကြောင့် မကျေနပ်ဘဲ ကလဲ့စားချေဖို့ ရောက်လာတာလို့ ကျောင်းသားတွေက ပြောပါတယ်။
သူဟာ အဲဒီကျောင်းဝင်းထဲ မလာခင် ရှေ့က ရပ်ကွက်ထဲမှာ ဆူပူသောင်းကျန်းတာကြောင့် ရပ်ကွက်လူကြီးနဲ့ ရဲတွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားတယ်၊ သူက အနားမှာရပ်ထားတဲ့ ရဲကားထဲရှိ ရဲတယောက်ထံကနေ ပြောင်းရှည်သေနတ်လုယူပြီး သူ့ကိုဖမ်းဖို့ကြိုးစားတဲ့ ရဲတွေကို ပစ်ခတ်ခဲ့သေးတယ်၊ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူး၊ အဲဒီနောက် ဆိုင်ကယ်စီးပြီး ကျောင်းဝင်းထဲ ဆက်ဝင်သွားကာ ပစ်ခတ် သောင်းကျန်းခဲ့တာလို့ ဆိုပါတယ်။
သေနတ်ပစ်ခံရတဲ့ ကျောင်းအုပ်ဆရာမကြီးကတော့ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၃ နာရီမှာပဲ ဆုန်ခလာဆေးရုံကြီးမှာ သေဆုံးသွားပါတယ်။
ပစ်ခတ်မှုကျူးလွန်တဲ့ လူငယ်မှာ စိတ်ရောဂါအခံရှိတယ်လို့ အုပ်ထိန်းသူတွေက ပြောဆိုပြီး တာဝန်ရှိသူတွေကတော့ မူးယစ်ဆေးဝါး သုံးစွဲထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးကာ ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
Source: Bangkok biznews / Pr.Songkhla/ Thairath


