မီးမြင်းနှစ်ကို ဝင်ရောက်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ ချင်းမိုင်တရုတ်တန်းလို့ ခေါ်လေ့ရှိတဲ့ ကက်လုံဈေး ခေါ် ဝါရာရွတ်ဈေး (Kad Luang / Warorot Market) မှာ ပြုလုပ်ဆင်နွှဲခဲ့ကြပါတယ်။
အခုနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ကိုတော့ ချင်းမိုင်မှာ ဖေဖော်ဝါရီ ၁၇ နဲ့ ၁၈၊ ၂ ရက်ကြာကျင်းပနေတာ ဖြစ်ပါတယ်။
နိုင်ငံခြားခရီးသွားဧည့်သည်တွေအပါအဝင် လာရောက်လည်ပတ်ကြသူအများအပြားဟာ နဂါး အကဖျော်ဖြေမှု၊ ခြင်္သေ့အက၊ တရုတ်ရိုးရာ အကများ၊ မီးရှူးမီးပန်းတွေကို ကြည့်ရှုခံစားခဲ့ကြသလို အလှဆင်ထားတဲ့ တရုတ်ရိုးရာ မီးပုံးအနီတွေအောက်မှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်
တရုတ်နှစ်သစ်ကူးဟာ တရုတ်ရာသီခွင် ၁၂ ခုနဲ့ ကိုယ်စားပြုတဲ့ တိရစ္ဆာန် ၁၂ ကောင်ရှိပြီး တနှစ်စီကို တိရစ္ဆာန် ၁ ကောင်စီ ကိုယ်စားပြုတာပါ။
နောက်ပြီး တနှစ်ကို တိရစ္ဆာန် ၁ ကောင်စီကိုယ်စားပြုမှုမှာ ဒြပ်စင် ၅ မျိုးဖြစ်တဲ့ သစ်သား၊ မီး၊ မြေကြီး၊ ရွှေနဲ့ ရေဆိုပြီး ၅ မျိုးထပ်ခွဲတာပဲ ဖြစ်ပါတယ်။
ဒီနှစ် ၂၀၂၆ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတော့ မြင်းနှစ် စတင်တာဖြစ်ပြီး ဒြပ်စင်ပါထပ်ပေါင်းပြောရရင် မီး မြင်းနှစ်ပဲ ဖြစ်ပါတယ်။ အခုလို မီးမြင်းနှစ်ဟာ နှစ်ပေါင်း ၆၀ မှာ တကြိမ်သာ ကျရောက်လေ့ရှိတာလည်း ဖြစ်ပါတယ်။




















