
နွေဦးတော်လှန်ရေးမှာ ပြည်သူဘက်က ရပ်တည်ပါဝင်နေတဲ့ သရုပ်ဆောင်မင်းသား ဒေါင်းက ထိုင်း PBS ရုပ်သံလိုင်းမှာ စီးရီးတခု ရိုက်ကူးနေပြီး သူကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တကားကိုလည်း သူ့ပရိသတ်တွေဆီ အခမဲ့ပြသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
သရုပ်ဆောင် ဒေါင်းက ထိုင်း PBS ရုပ်သံလိုင်းက ရိုက်ကူးတဲ့ ထိုင်းစီးရီးတကားမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတယ်လို့ DVB ကို ပြောပါတယ်။
လက်ရှိရိုက်ကူးနေတဲ့ စီးရီးထဲမှာတော့ ထိုင်းလူမျိုးတယောက်အနေနဲ့ ဝင်ရောက် သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းတပုဒ် ဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်ဒေါင်းက “အဲဒီကာရိုက်တာနဲ့ အတူဆုံးဖြစ်အောင် ကျနော် ကြိုးစားခဲ့ပါတယ်။ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မဆိုင်တဲ့ ကာရိုက်တ်တခု ဖြစ်တဲ့အတွက် ကျနော် တော်တော်တော့ လေ့လာထားပါတယ်။ လေ့လာတဲ့နေရာမှာ ဘာသာစကားပါ ပါနေတာကျတော့ ကျနော့်အတွက် အများကြီး အမှတ်တရဖြစ်တယ်။ ပညာရပ်အပိုင်းတွေလည်း ပါတယ်ပေါ့လေ။ ပညာရပ်အပိုင်းတွေဆိုတာ ကျနော်နဲ့မဆိုင်တဲ့ ပညာရပ် အပိုင်းတွေပေါ့နော်”လို့ ပြောပါတယ်။
ပြည်ပက အနုပညာရှင်တွေနဲ့ တွဲဖက်အလုပ်လုပ်ကိုင်ရတဲ့အခါ ကိုယ်သရုပ်ဆောင်ရမဲ့ အပိုင်းကို ကြိုတင်ပြင်ဆင်ပြီး ရိုက်ကွင်းမှာ အတွဲအဆက်မိမိနဲ့ သရုပ်ဆောင်နိုင်တဲ့အတွက် အလုပ်လုပ်ရာမှာ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။
ဒီစီးရီးကိုတော့ ထိုင်း PBS ရုပ်သံလိုင်းမှာ ဒီနှစ်အတွင်း ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်လည်း သရုပ်ဆောင် ဒေါင်း ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ ထိုင်းနဲ့အတူ ပူးပေါင်းပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တကားကို အွန်လိုင်းကနေ သူ့ပရိသတ်တွေအတွက် အခမဲ့ပြသဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
သရုပ်ဆောင် ဒေါင်း အနေနဲ့ ထိုင်းနိုင်ငံမှာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေတာဟာ ရောက်ရာနေရာမှာ ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့ ရပ်တည်နိုင်ကြောင်း သက်သေပြချင်လို့လို့ ဆိုပါတယ်။
မင်းသား ဒေါင်းက “ကျနော်တို့ဟာ ဘယ်နေရာမှာမဆို ရှင်သန်နိုင်တယ်။ ကျနော်တို့ မရှင်သန်ချင်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်း အစိုးရလက်အောက်မှာ မရှင်သန်နိုင်တဲ့ စွမ်းအား ရှိရမယ်။ အဲဒါ ကျနော်တို့ရဲ့ Right ပေါ့နော်။ အဲဒီ Right ကို ကျနော်တို့ သတ္တိရှိရှိ ဆုပ်ကိုင်ပြီးတော့ ငါတို့ ဒီမှာလည်း အလုပ်လုပ်ရတယ် ဆိုတာကို သက်သေပြချင်တဲ့ဆန္ဒ ပိုများပါတယ်။ ကျနော့်ရဲ့ အသက်ရှင်တဲ့ လူ့သမိုင်းမှာ ဒီနိုင်ငံမှာလည်း ကျနော် စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်နိုင်တယ် ဆိုတာကို သက်သေပြချင်တယ်”လို့ ပြောပါတယ်။
သရုပ်ဆောင် ဒေါင်းဟာ ထိုင်းနိုင်ငံမှာ အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေသလို တော်လှန်ရေးလုပ်ငန်းတွေမှာလည်း ဝင်ရောက်ကူညီ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုမူကာဒေးရုပ်ရှင်ကို ထိုင်းနိုင်ငံအနှံ့မှာ ရုံတင်ပြသခဲ့ပြီး ထိုင်းပရိသတ်နဲ့ မြန်မာပရိသတ် အားပေးမှု အများအပြား ရရှိခဲ့ပါတယ်။
သီရိ


