
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်အပါအဝင် ခရိုင်အချို့မှာ ကျယ်ကျယ်ပြန့်ပြန့် တောမီးလောင်နေပြီး လေထုညစ်ညမ်းမှုအတွက် စိုးရိမ်ဖွယ်ရှိတယ်လို့ ထိုင်းသဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနက သတိပေးထုတ်ပြန်ပါတယ်။
ချင်းမိုင်၊ လမ်းဖွန်း၊ လမ်းပန်း နဲ့ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ဧကပေါင်း ရာနဲ့ချီ တောမီးလောင်ခဲ့ပြီး PM2.5 တိုင်းထွာချက်အရ လေထုညစ်ညမ်းမှုမှာ စိုးရိမ်ဘွယ်ရာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေတာကြောင့် ဒရုန်းအသုံးပြုပြီး ပူပြင်းဇုန် (Hot Spot) ရှာဖွေကာ တောမီးရှို့မှုတွေကို ဥပဒေနဲ့ ပြတ်သားစွာအရေးယူဖို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။
ဒရုန်းနဲ့ ပျံသန်းရှာဖွေရိုက်ယူချက်အရ ချင်းမိုင်ခရိုင် မဲ့အွန်းမြို့နယ် ဆဟာကွဏ်းအုပ်စု ဆဟာကွဏ်းရွာအနီး တောအုပ်ထဲမှာ အကျယ် ၁၅ ဧကခန့်ထိ တောမီးလောင်ကျွမ်းနေတာကြောင့် တာဝန်ရှိသူတွေဟာ မြေပြင်ကနေရော ရဟတ်ယာဉ် အသုံးပြုပြီး ဝေဟင်ကနေပါ တောမီးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ထိုင်းမြောက်ပိုင်းမှာ အပူဇုန် စုစုပေါင်း ၁၈၀ နေရာ တွေ့ရှိတယ်၊ အထူးသဖြင့် ပိုဆိုးရွားတဲ့ ၈ ဇုန်မှာ လေထုညစ်ညမ်းမှုကာကွယ်ဖို့ တောင်ယာ မီးရှို့မှု၊ တောမီးရှို့မှုတွေကို ဥပဒေနဲ့ ပြင်းပြင်းထန်ထန် စည်းကြပ်ကာကွယ်ဖို့ သက်ဆိုင်ရာက ထုတ်ပြန်သတိပေးထားပါတယ်။
နောက်ထပ်တွေ့ရှိတဲ့ အပူဇုန်တွေမှာ လမ်းဖွန်းခရိုင် မဲ့ထားမြို့နယ် ထာ့မဲ့လွပ်အုပ်စုတွင်း တောမီးလောင်မှုကြောင့် ဧရိယာပေါင်း ၁၀၀ Rai (ဧက ၅၀ ကျော်ခန့်) ဆုံးရှုံးခဲ့ပါတယ်။
မယ်ဟောင်ဆောင်မြို့နယ် ဖာဘောင်အုပ်စု ဟွေ့ပုန်ကန်ကျေးရွာအနီးမှာလည်း တနေရာ (၅ ဧက) ခန့် ဆုံးရှုံးပြီး ပိုင်းမြို့နယ် ဘန့်ဆုပ်ဆာရွာအနီးမှာ ၅၀ Rai (၂၅ ဧကကျော်) တောမီးလောင်ခဲ့ပါတယ်။
လမ်းပန်းခရိုင်မှာ ကျေ့ဟုမ်မြို့နယ် ပုန်ဒွန်းအုပ်စု မဲ့ကျဲ့ဖာ့ သဘာဝဘေးမဲ့တောမှာတော့ တောမီးလောင်ပြီး တောတောင်ခြောက်သွေ့ကာ လေပြင်းပါတိုက်တာကြောင့် အချိန် ၄ နာရီကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်၊ ၂၀ Rai ( ဧက ၂၀ ကျော်) ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို တောမီးလောင်ကျွမ်းရတာဟာ တောင်ယာမီးရှို့တာ၊ တောကောင်တွေ လိုက်လံဖမ်းဆီး တာတွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်တွင်း လမ်းပန်းခရိုင် မဲ့မော့မြို့မှ တိုင်းထွာချက်အရ PM2.5 လေထုညစ်ညမ်းမှု နဲ့ မီးခိုးမြူထူထပ်မှုအခြေအနေမှာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေပြီး စိုးရိမ်မှတ်စံချိန်ထက် မြင့်တက်နေပါတယ်။
ဒါကြောင့် ပြည်သူလူထုကြား မီးခိုးမြူနဲ့ လေထုညစ်ညမ်းမှု အန္တရာယ်ကာကွယ်ဖို့ ထိုင်းတနိုင်ငံလုံးမှာ အပူဇုန် စောင့်ကြည့်ရေးစင်တာ ထားရှိဖို့ ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားပါတယ်။
Source: Thai PBS News


