
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ခုရက်ပိုင်းတွင်း ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ဝိန်းဖန်ခမ်းရပ်ကွက်အပိုင်း၊ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီ ၁၉ ရက် က မယ်ဆိုင်လဝကရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေက ယာဉ်အသွားအလာကို စောင့်ကြပ် စစ်ဆေးစဉ် နယ်စပ်ဘက်က မောင်းဝင်လာတဲ့ အနီရောင် နစ်ဆန်း ဆလွန်းကား တစီးကို တားဆီးစစ်ဆေးခဲ့တယ်။
ယာဉ်မောင်းမှာ ၁၀ နှစ်ခံတောင်ပေါ်သားကတ်ကိုင်ဆောင်သူ အသက် ၂၀ ကျော်ရွယ် နိုင်းကွဏ်း ဖြစ်ပြီး ကားထဲမှာတော့ လူ ၈ ယောက်ကို ပြွတ်သိပ်ကြပ်ညှပ်စွာ တင်ဆောင်လာပါတယ်။ ဒီလူတွေဟာ အမျိုးသား ၆ ယောက် အမျိုးသမီး ၂ ယောက်ဖြစ်ပြီး အထောက်အထားတစုံတရာမရှိတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တာကို စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။
နိုင်းကွဏ်းက သူဟာ အဲဒီလူတွေကို မယ်ဆိုင်ချစ်ကြည်ရေးတံတားနားကနေ ချင်းရိုင်းမြို့ကို တယောက် ဘတ် ၅၀ နှုန်းနဲ့ ပို့ဆောင်ပေးဖို့ တင်ဆောင်လာကြောင်း ဖွင့်ဟဝန်ခံပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့အရေးယူဖို့ မယ်ဆိုင်ရဲစခန်းကို ခေါ်ဆောင်သွားတယ်၊ မယ်ဆိုင်နယ်စပ်မှာ တရားမဝင် ဝင်ရောက်လာသူတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းသို့ လူတယောက်ကို ဘတ် ၈,၀၀၀ မှ ၁၅,၀၀၀ ထိ အခကြေးငွေယူပြီး ပို့ဆောင်ပေးနေတဲ့ လူကုန်ကူးဂိုဏ်းရှိတယ်လို့ ဆိုပါတယ်။
အဓိက ခေါင်းဆောင်ဟာ နိုင်းသန်းဖြစ်ပြီး သူ့ကိုဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် တနေ့တည်းမှာဘဲ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာလည်း မြန်မာနိုင်ငံသား ၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
နယ်မြေထဲမှာ တရားမဝင်သူတွေဝင်လာကြောင်း ကြိုတင်သတင်းရတာကြောင့် တာဝန်ရှိသူတွေက သူတို့ကို နောင်လူးကျေးရွာအုပ်စု နယ်မြေ ၈ ဆောင်ကလာရီယာရေကန်ဘေး တောလမ်းထဲမှာ ခြေလျင်လျှောက်ပြီး ဝင်ရောက်လာစဉ် ည ၁၀ နာရီလောက်မှာ ရှာဖွေဖမ်းဆီးရမိခဲ့တာလို့ ကန်ကျနပူရီ သတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်ညကလည်း ထိုင်းကို တရားမဝင် လူတင်လာတဲ့ ပွဲစား ၃ ယောက်နဲ့ မြန်မာ ၂၅ ယောက် ပေါင်း ၂၈ ယောက် ဖမ်းဆီးခံရတယ်လို့ ချန်နယ်လ် ၇ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် ဗဟိုရဲတပ်ဖွဲ့ ၊ အဝေးပြေးလမ်းလုံခြုံရေးရဲတပ်ဖွဲ့ နဲ့ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ စတဲ့ အဖွဲ့ ၃ ဖွဲ့က ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၆ ရက် ညက ထိုင်းမြောက်ပိုင်း၊ ဖိကျစ်ခရိုင် ဝချီရပါရမီမြို့နယ် အမှတ် ၁၁၇ အဝေးပြေးလမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ် ဆေးခဲ့ပါတယ်။
ည ၉ နာရီခွဲလောက်မှာ သံသယရှိတဲ့ ကား ၃ စီး ရှေ့ဆင့်နောက်ဆင့် မောင်းဝင်လာလို့ တာဝန်ရှိသူတွေက တားဆီးစစ်ဆေးရာမှာ အဖြူရောင် မှန်လုံကားထဲက ယာဉ်မောင်းအပါ တရားမဝင်မြန်မာ ၁၇ ယောက်ကိုလည်းကောင်း ၊ ဟိုင်းလပ်စ်ကားထဲကနေ ယာဉ်မောင်းအပါအဝင် တရားမဝင်မြန်မာ ၉ ယောက်ကိုလည်းကောင်း၊ ရှေ့ဆုံးမောင်းလာတဲ့ လမ်းပြယာဉ်ထဲက ၂ ယောက် ကိုလည်းကောင်း ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
စစ်ဆေးချက်အရ သူတို့တွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ မယ်ဆိုင်ဘက်ကို တောလမ်းကနေ ဝင်ရောက်လာတယ်၊ ချင်းမိုင်မှာ ခရီးတထောက်လာနားတယ်၊ အဲဒီကနေ ဘန်ကောက်မှာ အလုပ်သွားလုပ်မယ် ပွဲစားကို တယောက် ဘတ် ၈,၅၀၀ ပေးရတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်း ၃ ယောက်ကတော့ တယောက်ကို ဘတ် ၅,၀၀၀ နှုန်းနဲ့ တင်ဆောင်လာပြီး ဒီလိုလူသယ်တဲ့ အလုပ်ကို ၄-၅ ကြိမ် လုပ်ခဲ့ပြီလို့ ဝန်ခံပါတယ်။
သူတို့ထဲက စိုင်းနန် ( ၃၆ နှစ် )၊ စိုင်းအောင် ( ၃၀ နှစ် )နဲ့ ဆုမ်ကယောက် ( ၃၄ နှစ် ) တို့ကို တရားမဝင်သူတွေ တင်ဆောင်လာမှု၊ လမ်းပြကူညီမှုနဲ့ ကျန်မြန်မာ ၂၅ ယောက်ကိုတော့ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမိမြို့နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်အတွင်းမှာလည်း ထိုင်းမြို့ကြီးတွေဘက်ကို အလုပ်သွားရှာလုပ်မဲ့ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းမြန်မာ ၁၆ ယောက်ကို ခရီးသည်တင်ကားပေါ်မှာ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိလို့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့ညနေပိုင်းက ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းနိုင်ငံထဲကို အထောက်မဲ့ တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းကို လွဲပြောင်းပို့ဆောင် အမှုဖွင့်ထားပါတယ်။
Source: Maesaionline News / CH7 HD News / Kanchanaburi News


