Home
မြန်မာသတင်း
အမေရိကန်ပဲပုပ်ဖတ်ကို မြန်မာဘက်ကဝယ်ယူရန် သဘောတူလက်မှတ်ထိုး 
DVB
·
February 26, 2026
Photo: U.S. Embassy

အမေရိကန်နိုင်ငံဆီကနေ ပဲပုပ်ဖတ်ကို မြန်မာဘက်က ဝယ်ယူဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက  ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီသဘောတူညီချက်ကို မြန်မာဘက်က ဝယ်လက်အဖြစ် Myanmar Agribusiness Public Corporation (MAPCO) နဲ့ အမေရိကန်ဘက်က International Feed Corporation တို့ကြား (MOU) အဖြစ် လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။

အရှေ့တောင်အာရှဈေးကွက်ကို အမေရိကန်ဘက်က ပိုမိုချဲ့ထွင်ချင်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။

သံရုံးဘက်ကတော့ ဒီလို ပူးပေါင်းဆောင်ရွက်မှုက အမေရိကန်လယ်သမားတွေအတွက် ဈေးကွက်အသစ်တွေ ဖော်ဆောင်ပေးနိုင်မဲ့အပြင် ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုခိုင်မာစေပြီး ရေရှည်စီးပွားရေးဆက်ဆံရေးတွေကို ပိုအားကောင်းလာစေမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီးထုတ်လုပ်သူနဲ့  ဝယ်ယူသူတွေအတွက် အခွင့်အလမ်းသစ်တွေဖန်တီးပေးမဲ့ ကုန်သွယ်ရေး အစီအစဉ်တွေကို ကြိုဆိုတယ်လို့လည်း သံရုံးဘက်က ဆိုပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း စစ်ကောင်စီဘက်က ပြည်တွင်းမှာ ပဲပုပ်ဖတ်ဖူလုံရေးအတွက် “ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း” ဆိုတဲ့ စီမံကိန်းကို အကောင်အထည် ဖော်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၅ အောက်ကနေ အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပြီး ပြည်တွင်းစားသုံးဆီနဲ့ ပဲပုပ်ဖတ် လိုအပ်ချက်ကို ပြည်တွင်းထုတ်ကုန်များဖြင့် ဖြည့်ဆည်းနိုင်ရေးကို ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ရဲ့ ၅၈ ရာခိုင်နှုန်းနီးပါးကို ပြည်ပက ဝယ်ယူတင်သွင်းနေရတဲ့အပြင် မွေးမြူရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပဲပုပ်ဖတ်ကိုလည်း နှစ်စဉ် မက်ထရစ်တန် ၆ သိန်းလောက် ပြည်ပကနေ ဝယ်ယူနေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဆောင်ထားတဲ့ အမေရိကန်က စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ အခုလို ကုန်သွယ်ရေးသဘောတူညီချက် တွေ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013