
အစ္စရေးက လက်ဘနွန်ကို မတ် ၁၃ ရက်နှောင်းပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆရာဝန်၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းနဲ့ သူနာပြု ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက မတ် ၁၄ ရက်မှာ အတည်ပြု ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းက ဘာ့ဂျ်ကာလာဝီယာ ပင်မကျန်းမာရေးစောင့်ရှောက်မှုစင်တာရဲ့ အပျက်အစီးတွေကနေ မီးခိုးတွေ ထွက်နေတာကို မတ် ၁၅ ရက်က မြင်တွေ့ရပါတယ်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးခန်းအဆောက်အအုံ ပျက်စီးသွားပြီး ၂ ရက်နီးပါး အကြာမှာ တွေ့ရတာလည်း ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို လက်ဘနွန် ကျန်းမာရေးဝန်ကြီး ရာခန်နာဆာရီဒင်းက ရှုတ်ချခဲ့ပြီး လုံးဝလက်မခံနိုင်စရာ မတရားမှုလို့ ပြောပါတယ်။
အစ္စရေးက လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာကို ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဟစ်ဇ်ဘိုလာတွေကလည်း နယ်စပ်ကိုဖြတ်ပြီး အစ္စရေးကို ဒုံးကျည် ရာပေါင်းများစွာနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မတ် ၂ ရက်ကစပြီး အစ္စရေးက လက်ဘနွန်အပေါ် တိုက်ခိုက်လို့ သေဆုံးသူအရေအတွက်က ၈၅၀ အထိ မြင့်တက်လာတယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
သေဆုံးသူတွေထဲက ၉၈ ယောက်ထက်မနည်းဟာ ကလေးတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
Source: Reuters


