
ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအီးမ်ကက်ဆင်မ်က သူ့ကို လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ အစ္စရေးရဲ့ ခြိမ်းခြောက်မှုတွေဟာ "ဘာတန်ဖိုးမှမရှိဘူး"လို့ မတ် ၁၃ ရက် ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ အစ္စရေးနဲ့ ရေရှည်ရင်ဆိုင်တိုက်ပွဲဝင်ဖို့ အသင့်ပြင်ဆင်ထားပြီး ရန်သူတွေ အနေနဲ့ စစ်မြေပြင်မှာ အံ့အားသင့်သွားစေရမယ်လို့လည်း သူက ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက သူ့ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက် ပြောဆို ထားကြောင်း ကြားသိထားပေမဲ့ အဲ့ဒီလို ခြိမ်းခြောက်မှုတွေကို သူ မကြောက်ဘူးလို့လည်း ကက်ဆမ် က ပြောပါတယ်။
ကက်ဆင်မ်က“လူတယောက်ရဲ့ သေဆုံးချိန်ဟာ ကြိုတင်သတ်မှတ်ထားပြီး ဖြစ်တဲ့အတိုင်း သေဆုံးချိန် ရောက်လာရင် ဘယ်သူမှ တားဆီးလို့ မရသလို မရောက်သေးရင်လည်း ဘယ်သူမှ ဖြစ်အောင် လုပ်လို့ မရဘူးဆိုတာကြောင့် အဲ့ဒီလို ခြိမ်းခြောက်မှုတွေဟာ အဓိပ္ပာယ်မရှိဘူး”လို့ အစ္စလာမ်ရာဇဝင်ထဲက ပုဂ္ဂိုလ်ကြီး အာလီအစ်ဘ်န်အာဘီတာလစ်ဘ်ရဲ့ စကားကို ကိုးကားပြီး ပြောပါတယ်။
အမေရိကန်-အစ္စရေးတို့နဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအစမှာပဲ အီရန်ရဲ့ အဓိပတိ ခေါင်းဆောင် အသတ်ခံရမှုကို လက်စားချေတဲ့အနေနဲ့ မတ် ၂ ရက်မှာ ဟစ်ဇ်ဘိုလာဘက်က စတင် ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးတွေ အရှိန်မြှင့်တင် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


