
အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းက လစ်တာနီမြစ်ရဲ့ တောင်ဘက်ရှိ ပြည်သူတွေကို ချက်ချင်းထွက်ခွာကာ မြစ်မြောက်ပိုင်းကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပေမဲ့ ဒေသခံ အများအပြားဟာ အမိန့်တွေကို ဆန့်ကျင်နေကြပြီး သူတို့ရဲ့နေရပ်ကို စွန့်ခွာဖို့ ငြင်းဆန်နေကြပါတယ်။
၂၀၂၄ ခုနှစ်က ဟစ်ဇ်ဘိုလာနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကမ်းရိုးတန်းမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့ ဒေသခံ ၃၀ ရာခိုင်နှုန်းလောက်ဟာ တိုင်ယာမြို့ကနေ ထွက်ခွာဖို့ကို ငြင်းပယ်ကြတာပါ။
ပြီးခဲ့တဲ့အပတ်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၉၈၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ လက်ဘနွန်တောင်ပိုင်းရဲ့ ပထမဆုံး ရေဒီယိုအသံလွှင့်ရုံ “ဆော့ထ်အယ်လ်ဖာရာ” ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။
ဒီအသံလွှင့်ရုံဟာ ဒေသခံတွေရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ကျန်းမာရေး အသိပညာတွေကို ဆယ်စုနှစ်များစွာ ထုတ်လွှင့်ပေးခဲ့တဲ့ အရေးပါတဲ့အသံတခု ဖြစ်တယ်လို့ တိုင်ယာမြို့ရဲ့ ဒုတိယမြို့တော်ဝန် အာလ်ဝမ် ရှာရာဖဒ်ဒင်န်က ပြောပါတယ်။
လူဦးရေ ၆၀,၀၀၀ လောက် နေထိုင်တဲ့ တိုင်ယာမြို့ဟာ လက်ဘနွန်ရဲ့ ရှေးအကျဆုံးနဲ့ အလည်အပတ်အများဆုံး မြို့တွေထဲက တခုပါ။
တိုင်ယာမြို့သားတွေအတွက်တော့ “ခုခံတော်လှန်ခြင်း” ဆိုတာ ရှေ့တန်းမှာ သေနတ်ကိုင် တိုက်ပွဲဝင်တာ တခုတည်း မဟုတ်ပါဘူး။
မိမိတို့ရဲ့ နေအိမ်တွေမှာ ဆက်လက်ကြံ့ကြံ့ခံနေထိုင်ခြင်း၊ ဆေးဆိုင်တွေ၊ မုန့်တိုက်တွေနဲ့ ဈေးဆိုင်တွေကို ဆက်လက်ဖွင့်လှစ်ထားခြင်းဟာလည်း ဒေသခံတွေ ဆက်လက်ရှင်သန်နိုင်ဖို့ အတွက် အရေးပါတဲ့ ခုခံမှုပုံစံတရပ် ဖြစ်တယ်လို့ သူတို့က ယုံကြည်ကြပါတယ်။
ဒေသခံ အလီဖာဒဲလ်ဟာ သူ့ဇနီးနဲ့ ကလေးတွေကို မြောက်ပိုင်း ဘေရွတ်မြို့ကို ဘေးကင်းရာ ပို့ဆောင်ထားပြီး သူတို့ဆီကို အပတ်စဉ် သွားရောက်လည်ပတ်ပေမဲ့ တိုင်ယာမြို့ကို အမြဲပြန်လာခဲ့ပြီး ငှက်တွေကို အစာကျွေးပေးတာ အပါအဝင် ကျန်နေသူတွေကို ကူညီဖို့ တတ်နိုင်သမျှ လုပ်ဆောင်ပါတယ်။
ဒေသခံ မိုဟာမက် အဗ္ဗဒယ်ဝါဟတ် ကတော့ ခုခံမှုဟာ ပုံစံအမျိုးမျိုးရှိပြီး အားလုံးက ရှေ့တန်းမှာ ရှိနေတာ မဟုတ်ပေမဲ့ ဒီအသိုင်းအဝိုင်းကို ပြန်လည်ထူထောင်နိုင်ဖို့ လူ့အဖွဲ့အစည်းကို နောက်တန်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ကလည်း အရေးကြီးတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်မှုတွေကြောင့် တောင်ပိုင်းကျေးရွာတွေကနေ ထွက်ပြေးလာရတဲ့ စစ်ရှောင် ၆၀၀ လောက်ဟာ တိုင်ယာမြို့က စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
စာသင်ကျောင်း ၉ ကျောင်းလုံး လူဦးရေ ပြည့်လျှံနေပြီဖြစ်လို့ တချို့လည်း ပန်းခြံတွေနဲ့ လမ်းဘေးတွေမှာ အိပ်စက်နေကြရပါတယ်။
ဒါပေမဲ့ ၂၀၂၄ စစ်ပွဲအတွင်းမှာ နေရပ်စွန့်ခွာသူအရေအတွက်ထက် နေရပ်မှာပဲ ဆက်လက် ကြံ့ကြံ့ခံနေထိုင်သူ အရေအတွက်က ပိုပြီးများပါတယ်လို့ တိုင်ယာမြို့ရဲ့ ဒုတိယမြို့တော်ဝန် ရှာရာဖက်ဒင်က ပြောပါတယ်။
Source: Reuters


