Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာအဖွဲ့၏ ဘဏ္ဍာရေးအဖွဲ့အစည်းကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်
DVB
·
March 11, 2026
Photo: Reuters

အစ္စရေးစစ်တပ်ဟာ လက်ဘနွန်မြို့တော် ဘေရွတ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ 'အယ်လ်ကာ့ဒ် အယ်လ်ဟာဆန်' ဘဏ္ဍာရေးအဖွဲ့အစည်းကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို မတ် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မတ် ၉ ရက်က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းက အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီ ဘဏ်တပိုင်း လုပ်ငန်းစနစ်ဟာ လက်ဘနွန်ရဲ့ ပုံမှန်ဘဏ္ဍာရေးစနစ်ပြင်ပမှာ လည်ပတ်နေပြီး အတိုးမဲ့ချေးငွေတွေ ပေးအပ်နေတာဖြစ်ကာ ၂၀၀၇ ခုနှစ်ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီ (NNA) ရဲ့ အဆိုအရ တိုက်ခိုက်မှုတွေဟာ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ လေဆိပ်သွားလမ်းပေါ်က ဘဏ်ခွဲတွေကို ထိမှန်ခဲ့တာကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ပြီးခဲ့တဲ့အပတ်က အစ္စရေးရဲ့ အဓမ္မ ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းတဲ့ သတိပေးချက်တွေကြောင့် လက်ဘနွန်တောင်ပိုင်း လူဦးရေရဲ့ ၈ ရာခိုင်နှုန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို ဘေရွတ်မြို့လယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာလည်း လူဦးရေ ထူထပ်များပြားနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်အရပ်သား အနည်းဆုံး ၁,၃၃၂ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ထုတ်ဖော်ပြောပါတယ်။

ဒါ့အပြင် အီရန်နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အစ္စရေးဘက်ကို ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို အမြစ်ဖြတ်ဖို့အတွက် အစ္စရေးက လက်ဘနွန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေအတွင်းမှာလည်း လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာတော့ လက်ဘနွန်သမ္မတ ဂျိုးဇက်အွန်က ကျူးကျော်မှုတွေကို ရပ်တန့်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ အသင့်ရှိကြောင်း နိုင်ငံတကာကို အသိပေးထားပေမဲ့ အစ္စရေးနဲ့ အမေရိကန်တို့က အီရန်အပေါ် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်း တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013