Home
နိုင်ငံတကာ
အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်မှုကြောင့် ကလေး ၈၃ ဦးအပါအဝင် သေဆုံးသူ ၄၀၀ ထိမြင့်တက် 
DVB
·
March 9, 2026
Photo: REUTERS/Claudia Greco

လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာတပ်တွေနဲ့ အစ္စရေးတို့အကြား တပတ်ကြာတိုက်ပွဲအတွင်း သေဆုံးသူ ၄၀၀ နီးပါးထဲမှာ ကလေး ၈၃ ယောက် ပါခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအပြီး မတ် ၈ ရက်က အဆောက်အအုံ အပျက်အစီးတွေကြားမှာ လူတွေ ရပ်နေခဲ့တယ်လို့ လက်ဘနွန်နိုင်ငံပိုင် သတင်းဌာနမှာ ဖော်ပြပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး နံရံတွေ ပြိုကျလို့ ဒေသတွင်းမှာ ယာဉ်တွေ ပျက်စီးသွားပါတယ်။

နိုင်ငံတောင်ပိုင်း ဂါဇီယာနဲ့ ​တေဖာတာမြို့ ၂ မြို့ရဲ့ လမ်းတွေပေါ်မှာ အပျက်အစီးတွေ ပြည့်နှက်နေခဲ့ပါတယ်။

အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ ဟဇ်ဘိုလာတွေက အစ္စရေးနိုင်ငံအတွင်းထဲကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီးတဲ့နောက် မတ်လ ၂ ရက်မှာ ပိုကျယ်ပြန့်လာတဲ့ စစ်ပွဲထဲကို လက်ဘနွန်ကို ဆွဲသွင်းခဲ့ပါတယ်။

အစ္စရေးက လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းအပြင် မြို့တော် ဘေရွတ်နဲ့ အနီးတဝိုက်ကို အပြင်းအထန် တိုက်ခိုက်တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးက တနင်္ဂနွေနေ့ အစောပိုင်းမှာ ပစ်ခတ်လို့ ဘေရွတ်မြို့လယ်က ဟိုတယ်အဆောက်အအုံတခုကို ထိမှန်ခဲ့ပြီး လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အစ္စရေးက လက်ဘနွန်မြို့တော်မှာ လှုပ်ရှားနေတဲ့ အီရန်တပ်မှူးတွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။

ဒါဟာ ဘေရွတ်မြို့လယ်ကို ပထမဆုံးအကြိမ် တိုက်ခိုက်ပါ။ အစ္စရေးက ဟဇ်ဘိုလာ ရိုးရာအစဉ်အလာအရ လှုပ်ရှားနေတဲ့နေရာတွေကို ကျော်လွန်ပြီး တိုးချဲ့ တိုက်ခိုက်မှာကို စိုးရိမ်နေကြပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေမှာ မတ် ၈ ရက် မနက်အစောပိုင်းမှာ ပေါက်ကွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

မီးခိုးမည်းတွေ လေထဲတက်လာတာကို လက်ဘနွန်မြို့တော် ဆင်ခြေဖုံးက ဘာဘ်ဒါမြို့ကနေ မြင်ရပါတယ်။

နာရီပိုင်းအစောပိုင်းက ဘေရွတ်မြို့လယ်က ရာမာဒါဟိုတယ် အဆောက်အအုံမှာရှိတဲ့ အခန်းတခုကို အစ္စရေးရဲ့ တိုက်ခိုက်မှုက ထိမှန်ခဲ့လို့ လူ ၄ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။

လက်ဘနွန်မြို့တော်မှာ လှုပ်ရှားနေတဲ့ အီရန်တပ်မှူးတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတွေကြား တိုက်ပွဲတွေ ပြန်စခဲ့ပြီးတဲ့နောက် ဘေရွတ်မြို့လယ်ကောင်ကို ထိမှန်တဲ့ အစ္စရေးရဲ့ ပထမဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာက အစ္စရေးနိုင်ငံအထဲကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီးတဲ့နောက် မတ် ၂ ရက်မှာ လက်ဘနွန်နိုင်ငံက အီရန်အပေါ် အမေရိကန်-အစ္စရေးတို့က ဆင်နွှဲနေတဲ့ ပိုကျယ်ပြန့်လာတဲ့ စစ်ပွဲထဲမှာ ပါဝင်လာခဲ့ပါတယ်။

အစ္စရေးက လက်ဘနွန်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဘေရွတ်မြို့တော် အနီးတဝိုက်မှာ အပြင်းအထန် တိုက်ခိုက် တုံ့ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်း အီရန်ရဲ့ မြို့တော်တီရန်မှာတော့ အစ္စရေးက အီရန်ရေနံစက်ရုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အီရန် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအတွက် လောင်စာဆီသိုလှောင်ရုံတွေက ထောက်ပံ့ပေးနေတယ်လို့ အစ္စရေး ကာကွယ်ရေးတပ် IDF က ပြောခဲ့ပြီး ရှာရန် ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တာပါ။

ဒါကြောင့် မြို့တော်တီရန်ရဲ့ ကောင်းကင်မှာ မီးခိုးနက်တွေ ဖုံးလွှမ်းနေပြီး ညစ်ညမ်းတဲ့ မိုးရွာသွန်းမှုက အလွန်အန္တရာယ်များတယ်လို့ အီရန်လခြမ်းနီအဖွဲ့က သတိပေးပါတယ်။

အစ္စရေးက တီရန်မြို့တော်က ရေနံစက်ရုံတွေကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ အီရန်မြို့တော်ရဲ့ ကောင်းကင်မှာ တနင်္ဂနွေနေ့မနက်က မီးခိုးနက်တွေ ထူထူထပ်ထပ် ဖုံးလွှမ်းခဲ့ပါတယ်။

နေထွက်ပြီး မိုးရွာနေတာတောင် လေထုထဲမှာ မီးခိုးနံ့တွေ ကျန်နေသေးတယ်လို့ ဒေသခံတွေက သတင်းပို့ခဲ့ကြပါတယ်။

မြို့ပေါ်မှာ နေထွက်ပြီး မိုးရွာနေချိန်မှာတောင် မှောင်မိုက်နေတယ်လို့ မြို့ခံအများအပြားက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာ မည်းနက်နေတဲ့ မိုးတိမ်တွေက ရေနံပြည့်ဝနေတဲ့ မိုးစက်တွေ မြို့ပေါ်ကို ရွာချခဲ့တယ်လို့ ဒေသခံတချို့က သတင်းပို့ခဲ့ကြပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ တခြားကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေကို ရှောင်ဖို့ အီရန်နိုင်ငံသားတွေ အိမ်ထဲမှာသာနေကြဖို့ အီရန်နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။

ရေနံဂိုဒေါင်ပေါက်ကွဲမှုက အဆိပ်သင့် ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းတွေ၊ ဆာလဖာနဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေ အများအပြားကို လေထုထဲ ထုတ်လွှတ်ခဲ့တယ်လို့ အီရန် လခြမ်းနီအဖွဲ့က ပြောပါတယ်။

ဒီမိုးရေက အလွန်အန္တရာယ်များပြီး အက်ဆစ်ဓာတ်မြင့်မားလို့ အရေပြားလောင်ကျွမ်းတာနဲ့ အဆုတ်ကို အပြင်းအထန် ဖျက်ဆီးတာတွေ ဖြစ်နိုင်တယ်လို့ သတိပေး ကြေညာချက်တစောင်မှာ ထပ်လောင်း ပြောထားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013