
အီရန်နိုင်ငံ အစ္စဖှာဟန်လေဆိပ်ကို မတ် ၇ ရက်က တိုက်ခိုက်မှုတွေအတွင်း F-14 တိုက်လေယာဉ် အမြောက်အမြား ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
အမေရိကန်လုပ် F-14 တိုက်လေယာဉ်တွေကို ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး မတိုင်ခင်က အီရန်ကို ထောက်ပံ့ပေးထားတာပါ။
ဒါ့အပြင် အစ္စရေးလေတပ်ရဲ့ လေယာဉ်တွေကို အန္တရာယ်ဖြစ်စေတဲ့ ထောက်လှမ်းရေးနဲ့ ကာကွယ်ရေး စနစ်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ The Times of Israel သတင်းဌာနက ဖော်ပြပါတယ်။
တီရန်မြို့တော်က မယ်ရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သောကြာနေ့က တိုက်ခိုက်ရာမှာလည်း အကြမ်းဖက်အဖွဲ့အစည်း ဟဇ်ဘိုလာတွေဆီ လက်နက်တွေ ပို့နေတယ်ဆိုတဲ့ IRGC Quds တပ်ဖွဲ့က သုံးတဲ့ လေယာဉ် ၁၆ စင်းကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေး စစ်တပ်က ဆက်ပြောပါတယ်။
တိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်တာဟာ အီရန်ရဲ့ ကောင်းကင်ယံကို အစ္စရေးရဲ့ ထိန်းချုပ်နိုင်စွမ်းကို အားကောင်းစေဖို့ ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
မတ် ၇ ရက်မှာ ရိုက်ကူးထားတဲ့ ဂြိုဟ်တုပုံရိပ်တွေထဲမှာ တိုက်ခိုက်မှုတွေကြောင့် မယ်ရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ် မပျက်စီးမီနဲ့ ပျက်စီးပြီးတဲ့နောက် အခြေအနေတွေကို ပြထားပါတယ်။
ဂြိုဟ်တု ပုံရိပ်အသစ်တွေအရ သောကြာနေ့ညက မယ်ရာဘတ်လေဆိပ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း လေယာဉ် ၁၇ စင်း ထက်မနည်း ပျက်စီးခဲ့တာ တွေ့ရပါတယ်။
မတ် ၁ ရက်မှ ၄ ရက်အတွင်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် တိုက်လေယာဉ် ၈ စင်း ပျက်စီးခဲ့ပါတယ်။
အမေရိကန်ရေတပ်က ပြီးခဲ့တဲ့အပတ်အတွင်း အီရန်သင်္ဘော ၃၀ ကျော်ကို နှစ်မြှုပ်ခဲ့ပါတယ်။ အီရန် စစ်သင်္ဘောအုပ်စုကို တိုက်ခိုက်ရာမှာ အီရန်ဒရုန်းတင် သင်္ဘောတစင်းလည်း ပါပါတယ်။
ဗဟိုကွပ်ကဲမှုဌာနချုပ်အကြီးအကဲနဲ့ အရှေ့အလယ်ပိုင်းက အမေရိကန်တပ်ဖွဲ့ တွေရဲ့ တပ်မှူးဖြစ်သူ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဘရဒ်ကူးပါးက အီရန် သင်္ဘောကို “ဒုတိယကမ္ဘာစစ် လေယာဉ်တင်သင်္ဘော အရွယ်အစားလောက်ရှိတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သောကြာနေ့ မနက်မှာ B-2 လျှို့ဝှက်ဗုံးကြဲလေယာဉ်တွေက အီရန်နိုင်ငံအထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတဲ့ ပဲ့ထိန်းဒုံးကျည် ပစ်စင်တွေပေါ်ကို ပေါင် ၂၀၀၀ အလေးချိန်ရှိပြီး ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဗုံးတွေ အများအပြားကို ကြဲချခဲ့တယ်လို့ ကူးပါးက ပြောပါတယ်။
“ကျနော်တို့ဟာ အီရန်ရဲ့ အာကာသကွပ်ကဲမှုဌာနချုပ်နဲ့ ညီမျှတဲ့ နေရာကိုပါ ပစ်ခတ်ခဲ့ပြီး အမေရိကန်တွေကို ခြိမ်းခြောက်နိုင်စွမ်းကို လျော့ကျစေခဲ့တယ်” လို့ ကူးပါးက ပြောပါတယ်။ အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲမှုဌာနချုပ်က မီးလောင်နေတဲ့ လေယာဉ်တင်သင်္ဘောရဲ့ အဖြူအမည်းဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters


