
အီရန်က လက်စားချေတဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အမေရိကန် အဆောက်အုံတွေအပေါ် ဆက်ပြီး တိုက်ခိုက်နေချိန် ကူဝိတ်နိုင်ငံရဲ့ မြို့တော် ကူဝိတ်စီးတီးက လူမှုဖူလုံရေး အများပြည်သူ့ အဖွဲ့အစည်း (PIFSS)ရဲ့ ပင်မအဆောက်အအုံမှာ မတ်လ ၈ ရက်က မီးလောင်နေတာကို မျက်မြင်သက်သေတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာမြင်တွေ့ရပါတယ်။
ဒရုန်းတိုက်ခိုက်မှုကို ကိုင်တွယ် ဖြေရှင်းနေပြီး ဗုံးစတွေကြောင့် အရပ်ဘက်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကူဝိတ်စစ်တပ်က X လူမှုမီဒီယာမှာ ရေးပါတယ်။
လူမှုအာမခံဆိုင်ရာ အထွေထွေအဖွဲ့အစည်းရဲ့ အဓိကအဆောက်အအုံကို မတ် ၈ ရက်မှာ ပစ်မှတ်ထားခံရတယ်လို့ အဖွဲ့အစည်းက အတည်ပြုပါတယ်။
မတ် ၇ ရက်မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့မှာရှိတဲ့ အဆောက်အအုံတလုံး မီးခိုးတွေ ထွက်နေတာကို မျက်မြင် သက်သေ ဗီဒီယိုထဲမှာ ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို ကြားဖြတ်ပစ်ချရာက ကျလာတဲ့ အပျက်အစီးတွေဟာ အယ်လ်ဘာရှာဒေသက ယာဉ်တစီးပေါ် ကျခဲ့လို့ အာရှသား အမျိုးသားတယောက် သေဆုံးတယ်လို့ ဒူဘိုင်း အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနရဲ့ ဒူဘိုင်း မီဒီယာရုံးက အတည်ပြုပါတယ်။
အစောပိုင်းမှာ အီးမရိတ် လေကြောင်းလိုင်းက ဒူဘိုင်းမြို့ဆီ ပျံတဲ့ လေကြောင်းခရီးစဉ်တွေကို ခဏ ရပ်ဆိုင်းခဲ့ပါတယ်။
တတိယအကြိမ်မြောက် ကြားဖြတ်တိုက်ခိုက်မှုက အပျက်အစီးတွေကြောင့် ဒူဘိုင်းမာရီနာက မျှော်စင်တခုရဲ့ မျက်နှာစာမှာ အသေးစားပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ဒူဘိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အီရန်နဲ့ အမေရိကန်-အစ္စရေး စစ်ပွဲက ဒုတိယအပတ်ဆီ ဝင်လာပြီး အစ္စရေးနဲ့ အီရန်တို့က အပြန်အလှန် တိုက်ခိုက်နေဆဲပါ။
အိမ်နီးချင်းနိုင်ငံတွေက အမေရိကန်အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေအတွက် အိမ်နီးချင်းနိုင်ငံတွေကို အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က မတ် ၇ ရက်မှာ တောင်းပန်ခဲ့ပါတယ်။
ပင်လယ်ကွေ့ဒေသမှာ ဒေါသတွေကို ပြေလျော့စေဖို့နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေမှာ မပါဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်း၊ အိုမန်၊ ဆော်ဒီအာရေဗျနဲ့ အီရတ်နိုင်ငံတို့က ပြီးခဲ့တဲ့အပတ်အတွင်း ဒရုန်း ဒါမှမဟုတ် ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပါတယ်။
Source: Reuters


