
အီရန်နိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ၊ ဆက်သွယ်ရေးတွေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ အကုန်ပျက်စီးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က မတ် ၆ ရက်က ပြောပါတယ်။
သမ္မတထရမ့်ပ်က “အီရန်ရဲ့ စစ်တပ်လည်း မရှိတော့ဘူး။ ရေတပ်လည်း မရှိတော့ဘူး။ ဆက်သွယ်ရေးစနစ်တွေ မရှိတော့ဘူး။ ခေါင်းဆောင်တွေတောင် မရှိတော့ဘူး” လို့ သောကြာနေ့က ဝါရှင်တန်ရှိ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ကောလိပ်အားကစားဆိုင်ရာ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် အီရန်လေတပ် တခုလုံးလည်း လုံးဝ သုတ်သင်ရှင်းလင်း ခံလိုက်ရပြီးတော့ သူတို့မှာ ရေတပ်သင်္ဘော ၃၂ စင်းရှိတာမှာ ၃၂ စင်းစလုံးဟာ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်အောက်မှာ နစ်မြုပ်သွားခဲ့ပြီလို့လည်း ထရမ့်ပ်က ပြောပါတယ်။
အီရန်ခေါင်းဆောင်တွေဟာ လမ်းဘေးဗုံးတွေထောင်ပြီး အမေရိကန်စစ်သည် အမြောက်အမြားကို သတ်ဖြတ်၊ ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်တယ်လို့လည်း သမ္မတထရမ့်ပ်က စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။
သမ္မတထရပ့်ပ်က “ဒါကို ဒီအတိုင်း နှစ်နဲ့ချီပြီး ကြည့်နေမလား ဒါမှမဟုတ် တခုခုလုပ်မလား ဆိုတာမှာ ကျနော်တို့က တခုခုလုပ်ဖို့ ရွေးချယ်ခဲ့တာပါ” လို့ပြောပါတယ်။
အမေရိကန်ရဲ့ B-2 ဗုံးကြဲလေယာဉ်တွေက အီရန်ရဲ့ နျူကလီးယားစွမ်းရည် ထုတ်လုပ်ရာနေရာတွေကို ဖျက်ဆီးနိုင်ခဲ့တာကြောင့် အခုအချိန်မှာ အမေရိကန်ဟာ ကမ္ဘာ့အလယ်မှာ အရင်ကထက် ပိုပြီး လေးစားခံနေရတဲ့ နိုင်ငံဖြစ်နေပြီလို့လည်း သူက အခိုင်အမာ ပြောသွားခဲ့ ပါတယ်။
အမေရိကန်ကို တိုက်ခိုက်ရာမှာ ရုရှားနိုင်ငံက အီရန်ကို ကူညီနေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တယောက်က မေးမြန်းရာမှာ သမ္မတထရမ့်ပ်က အဲဒီမေးခွန်းကို “အခုအချိန်မှာ မေးဖို့ မသင့်တဲ့ မေးခွန်း၊ အဓိပ္ပာယ်မရှိတဲ့ မေးခွန်း” လို့ ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။
Source: Reuters


