
အစ္စရေးစစ်တပ်ဟာ အီရန်နိုင်ငံအပေါ် စတင်လိုက်တဲ့ စစ်ဆင်ရေးရဲ့ ပထမအဆင့်မှာတင် အီရန်အစိုးရရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်စင် ၆၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးတပ်မတော် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေယာလ် ဇမီးယားက မတ် ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ဒါဟာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတခုဖြစ်ပြီး နိုင်ငံ့စစ်မျက်နှာအတွက် ထိခိုက်မှု လျော့နည်းစေပြီး အသက်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အစ္စရေးဟာ အီရန်နိုင်ငံအပေါ် လေကြောင်းအသာစီး ရရှိထားပြီးနောက်မှာ စစ်ဆင်ရေးရဲ့ နောက်တဆင့်ကို ဆက်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဇမီးယားက ဆိုပါတယ်။
အဲဒီမှာတော့ အီရန်အစိုးရရဲ့ အခြေခံအဆောက်အအုံတွေနဲ့ သူတို့ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို အခုထက်ပိုပြီး ပြင်းပြင်းထန်ထန် ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစ္စရေးစစ်တပ်ဟာ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန်ကိန်းနဲ့ အမေရိကန် ပြည်ထောင်စု ဗဟိုကွပ်ကဲမှုဌာနရဲ့ တပ်မှူး ဘရဒ် ကူးပါးတို့ အပါအဝင် အမေရိကန်စစ်တပ် အကြီးတန်းခေါင်းဆောင်တွေနဲ့ အမြဲတမ်း ဆက်သွယ် ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ဇမီးယားက ပြောပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ အလွန်ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အတူတကွ တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ပူးတွဲညှိနှိုင်းလုပ်ဆောင်မှုတွေကနေ အီရန်အစိုးရရဲ့ စစ်ရေးစွမ်းရည်တွေကို တဖြည်းဖြည်း ဖယ်ရှားပြီး အရင်က သူတို့မှာ မရှိခဲ့ဘူးတဲ့ အားနည်းတဲ့ အနေအထားတခုဆီကို ရောက်အောင် လုပ်ဆောင်နေပါတယ် လို့လည်း ပြောကြားခဲ့ပါတယ်။
Source: Reuters


