Home
နိုင်ငံတကာ
ခါမေနီကို ရှင်းလင်းရန် နိုဝင်ဘာလကတည်းက ဆုံးဖြတ်ထားဟု အစ္စရေးကာကွယ်ရေးဝန်ကြီးပြော
DVB
·
March 6, 2026
Photo :Reuters

အစ္စရေးဟာ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ကို ၂၀၂၅ နိုဝင်ဘာလ ကတည်းက ချခဲ့ပြီး  နောက် ၆ လလောက်မှာ အဲဒီစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ကို စီစဉ်ထားခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က မတ်လ ၅ ရက်မှာ ပြော ပါတယ်။ 

ကာကွယ်ရေးဝန်ကြီး ကတ်ဇ်က “နိုဝင်ဘာလတုန်းက ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ အတော် လျှို့ဝှက်ထားတဲ့ အစည်းအဝေးတခုလုပ်ပြီးတော့ ခါမေနီရဲ့ အုပ်ချုပ်ရေးစနစ်ကို ဖယ်ရှားဖို့ ကို အဓိက ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်” လို့ အစ္စရေးနိုင်ငံရဲ့ N12 TV သတင်းဌာနကို ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို လုပ်မဲ့အချိန်ကိုတော့ ဒီနှစ် မေလ သို့မဟုတ် ဇွန်လဝန်းကျင်မှာ ဆောင်ရွက်ဖို့ စီစဉ်ထားပြီး ဒီအစီအစဉ်ကို ဝါရှင်တန်ကိုလည်း မျှဝေခဲ့တယ်လို့ ဆိုပါတယ်။ 

အီရန်နိုင်ငံထဲမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ အခြေအနေတွေက ပြောင်းလဲ သွားခဲ့ပြီး အီရန်ဘက်ကနေ အစ္စရေးနဲ့ အမေရိကန်တပ်တွေကို အရင်ဦးအောင် တိုက်ခိုက် လာနိုင်တယ်လို့ စိုးရိမ်ခဲ့ကြတာကြောင့် နဂိုစီစဉ်ထားတဲ့ အချိန်ထက်စောပြီး ဇန်နဝါရီလ လောက်မှာတင် အမေရိကန်နဲ့ တိုင်ပင်ပြီး စီမံချက်ကို အကောင်အထည် ဖော်ခဲ့တာလို့လည်း ဆိုပါတယ်။

အီရန်ရဲ့ အဓိပတိခါမေနီဟာ ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေး လေကြောင်း စစ်ဆင်ရေးရဲ့ ပထမဆုံး နာရီပိုင်းအတွင်းမှာပဲ အသတ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ နိုင်ငံတခုရဲ့ ထိပ်သီး ခေါင်းဆောင်ကို လေကြောင်းတိုက်ခိုက်မှုနဲ့ ပထမဆုံးအကြိမ် လုပ်ကြံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  

အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုစတင်ခဲ့တာ တပတ်လောက်နီးပါး ရှိလာ ခဲ့ပါပြီ။

ပထမဆုံး တိုက်ခိုက်ချိန်တွေမှာပဲ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေ သေဆုံးခဲ့ပြီးနောက်မှာ အီရန်ဘက်က အစ္စရေး၊ ပင်လယ်ကွေ့ဒေသနဲ့ အီရတ်ဘက်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို၊ အစ္စရေးဘက်ကလည်း အီရန်ရဲ့ မဟာမိတ် ဟက်ဇ်ဘိုလာအဖွဲ့ကို လက်ဘနွန်နိုင်ငံထဲမှာ တိုက်ခိုက် ခဲ့ပါတယ်။

အစ္စရေးကတော့ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က အီရန်နိုင်ငံကို နျူကလီးယားလက်နက်အစီအစဉ် ပြန်လည် တည်ဆောက်နိုင်တဲ့ အခြေအနေမရအောင် တားဆီးဖို့ ဖြစ်ပြီး အစိုးရအပြောင်းအလဲကို ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်အစိုးရဘက်ကတော့ အခုအချိန်အထိ အာဏာစွန့်လွှတ်မယ့် အရိပ်အယောင် လုံးဝ မပြ သေးပါဘူး။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013