
အီရန်ဟာ မိမိတို့ထက် ပိုတောင့်မခံနိုင်ဘဲ အမေရိကန်က လိုအပ်သလောက် ကြာကြာ တိုက်ခိုက်နိုင်တယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက မတ် ၄ ရက်မှာ ပြောပါတယ်။
အီရန်ဟာ စစ်ပွဲတိုးတက်လာတာနဲ့အမျှ ဒုံးကျည်တွေ ပစ်လွှတ်မှု နည်းလာတယ်လို့ ပြောခဲ့ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံအတွင်း ကုန်းတွင်းပိုင်းကို တိုးချဲ့သွားမယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်ကို စစ်ပွဲမှာ အနိုင်ရနေပြီး အမေရိကန်စစ်တပ်ဟာ လိုအပ်သလောက် ကြာကြာတိုက်ခိုက်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က မတ် ၄ ရက်မှာ ထပ်ပြောခဲ့ပါတယ်။
အီရန် ဒရုန်းတိုက်ခိုက်မှုက ဟော်မုဇ်ရေလက်ကြားကို လပေါင်းများစွာ နှောင့်ယှက်နိုင်ပေမဲ့ အီရန်က ဒုံးကျည်နဲ့ ဘယ်လောက်ကြာကြာ နှောင့်ယှက်နိုင်မလဲ ဆိုတာကို ထောက်လှမ်းရေး သတင်းရင်းမြစ်တွေနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေက အတိအကျ မသိရသေးပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို တိုက်ခိုက်ပြီးကတည်းက အီရန်က အမေရိကန်နဲ့ မဟာမိတ် ပင်လယ်ကွေ့နိုင်ငံတွေဆီ ဒုံးကျည်ရာပေါင်းများစွာနဲ့ ဒရုန်းစင်းရေ ၁,၀၀၀ ကျော် ပစ်လွှတ်ခဲ့တာပါ။
အများစုကို လေကြောင်းကာကွယ်ရေးစနစ်တွေက ကြားဖြတ် ဟန့်တားခဲ့ပေမဲ့ လူနေအိမ်နဲ့ စီးပွားရေး အဆောက်အအုံတချို့၊ အခြေခံအဆောက်အအုံတွေနဲ့ အမေရိကန်စစ်စခန်းတချို့ ပျက်စီးခဲ့ပါတယ်။
အီရန်ဟာ အဓိကဒရုန်းထုတ်လုပ်သူဖြစ်ပြီး တလကို အစင်းရေ ၁၀,၀၀၀ လောက် ထုတ်လုပ်နိုင်တဲ့ စက်မှုစွမ်းရည်ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ရန်ပုံငွေထောက်ပံ့ထားတဲ့ အကျိုးအမြတ် မယူတဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ သတင်းအချက်အလက် ပြန်လည်ထူထောင်ရေးစင်တာက ပြောပါတယ်။
သိုလှောင်ထားပြီးသား ဒုံးကျည်ပမာဏကို မသိရသေးဘဲ စင်းရေ ၆,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ အစ္စရေးစစ်တပ်က ခန့်မှန်းထားပါတယ်။
အီရန်မှာ လက်နက်သိုလှောင်ရုံထဲ လက်နက်ဘယ်လောက်ကျန်သေးလဲ ဆိုတဲ့အချက်က စစ်ပွဲလမ်းကြောင်းကို ဆုံးဖြတ်ရာမှာ အဓိကအချက်တခု ဖြစ်နိုင်ပါတယ်။
မဟာဗျူဟာမြောက် ဒုံးကျည်အထောက်အပံ့တွေက အီရန်အတွက် အားနည်းချက်တခုလို့ ဗြိတိန်ရဲ့ MI6 ထောက်လှမ်းရေးအေဂျင်စီရဲ့ ညွှန်ကြားရေးမှူးဟောင်းတယောက်က ပြောပါတယ်။
အီရန်အစိုးရက လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာနဲ့ ယီမင်နိုင်ငံက ဟူသီတွေကို ထောက်ပံ့ပေးနေလို့ သိုလှောင်ထားတဲ့ ဒုံးကျည်အရေအတွက် လျော့နည်းသွားနိုင်တယ်လို့ အနောက်တိုင်း ထောက်လှမ်းရေး သတင်းရင်းမြစ်တခုက ပြောပါတယ်။
ဇွန်လတုန်းက အစ္စရေးနဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်း သိုလှောင်ထားတဲ့ ဒုံးကျည်အရေအတွက် လျော့ကျသွားခဲ့ပေမဲ့ တစိတ်တပိုင်း ပြန်ဖြည့်တင်းထားပြီလို့လည်း အစ္စရေး စစ်ဘက်ထောက်လှမ်းရေးက ဆိုပါတယ်။
အဓိကကန့်သတ်ချက်တရပ်က ဒုံးကျည်ပစ်စင်တွေပါ။ အစ္စရေးနဲ့ အမေရိကန်တို့က တိုက်ခိုက်လို့ မနှစ်က ဒုံးကျည်ပစ်စင် အနည်းဆုံး ထက်ဝက်လျော့ကျသွားခဲ့ပြီး ပြီးခဲ့တဲ့ ၅ ရက်အတွင်း ထပ်လျော့သွားခဲ့တယ်လို့ ဗြိတိန်ရဲ့ CIR သုတေသနပြုချက်က ပြသထားပါတယ်။
Source: Reuters


