
အီရန်အဓိပတိ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီရဲ့ စျာပနအခမ်းအနားကို မတ် ၄ ရက်မှာ ကျင်းပခဲ့ပါတယ်။
အီရန်ဘက်က သားဖြစ်သူ မို့ဂျ်တာဘာ ခါမေနီကို ခေါင်းဆောင်သစ်အဖြစ် လျာထားတယ်လို့ သတင်းတက်နေချိန်မှာပဲ ဘယ်သူပဲတက်လာတက်လာ ရှင်းပစ်မယ်လို့ အစ္စရေးက ခြိမ်းခြောက်လိုက်ပါတယ်။
အီရန်က ဒူဘိုင်းနဲ့ ကာတာမှာရှိတဲ့ အမေရိကန်စခန်းတွေကို တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း တီဟီရန်မြို့အနှံ့က လုံခြုံရေးစခန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး လက်ဘနွန်ကိုလည်း ပစ်မှတ်ထားနေပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် အီရန်မှာ အရပ်သား အနည်းဆုံး ၁,၀၉၇ ယောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့က ပြောပါတယ်။
မတ် ၃ ရက်မှာ အီရန်ဒရုန်းတစင်းက ဒူဘိုင်းက အမေရိကန်ကောင်စစ်ဝန်ရုံးကို ဝင်တိုက်ခဲ့ပြီး ကာတာက အမေရိကန်စခန်းကိုလည်း အီရန်ဒုံးကျည် ထိမှန်ခဲ့ပါတယ်။
ဆော်ဒီအာရေဗျက CIA စခန်းနဲ့ UAE ဖူဂျိုင်ရာမြို့က ဆိပ်ကမ်းတွေကိုပါ အီရန်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာလည်း အီရန်ဒုံးကျည်တွေ လာနေပြီဆိုတဲ့ သတိပေးဥဩသံတွေ ထွက်ပေါ်နေပါတယ်။ သီရိလင်္ကာနိုင်ငံအနီးမှာလည်း အီရန်ရေတပ်သင်္ဘောတစင်း နစ်မြုပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အီရန်ရဲ့ လေတပ်နဲ့ ရေတပ်ကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
အမေရိကန်စစ်တပ်က အီရန်သင်္ဘော ၁၇ စင်းနဲ့ ပစ်မှတ်ပေါင်း ၂,၀၀၀ နီးပါးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ဟာ နိုင်ငံ ၃ နိုင်ငံက သံရုံးတွေကို ပိတ်လိုက်ပြီး ဝန်ထမ်းတွေကို လျှော့ချထားသလို အမေရိကန်နိုင်ငံသားတွေ ထွက်ခွာကြဖို့ သတိပေးထားပါတယ်။
သင်္ဘောတွေအတွက် အာမခံချက်ပေးဖို့ ထရမ့်ပ်က ညွှန်ကြားထားပြီး လိုအပ်ရင် ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရေတပ်က လုံခြုံရေးယူပေးမယ်လို့ ဆိုပါတယ်။


